ဘယ်လောက်ပဲ ရင်းနှီးနေတဲ့သူ၊ အရမ်းခင်နေရတဲ့ သူငယ်ချင်း ဖြစ်နေပါစေ မပြောပြသင့်တဲ့ အကြောင်းအရာတွေလည်း ရှိပါတယ်။ ရင်ဖွင့်တယ်၊ တိုင်ပင်တယ်၊ ယုံကြည်လို့ ပြောပြတယ်ဆိုရင်လည်း အကြမ်းဖျင်းလောက်ပဲ ပြောတာကောင်းပါတယ်။ အတွင်းကျကျ အသေးစိတ်တွေ အကုန်မပြောပြသင့်ပါဘူး။ အဓိကကအနေနဲ့ ဒီအကြောင်းအရာ ၄ ခုကိုတော့ လုံးဝမပြောပြသင့်ပါဘူး။

ကိုယ့်အားနည်းချက်

ကိုယ့်အားနည်းချက်အမှန်ကို ဘယ်သူ့ကိုမှ မပြောပြသင့်ပါဘူး။ လူတွေရဲ့စိတ်က အပြောင်းအလဲမြန်ပါတယ်။ ဘယ်လောက်ခင်တဲ့သူဖြစ်ဖြစ် မလိုတဲ့အခါကျရင် ကိုယ့်အားနည်းချက်ကို ချုပ်ကိုင်တာမျိုး၊ လှောင်ပြောင်တာမျိုး၊ ဖိနှိပ်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။ ကိုယ့်အားနည်းချက်အမှန်ကို ကိုယ်တိုင်ပဲသိထားဖို့ လိုပါတယ်။

ကိုယ့်ချစ်သူနဲ့လျှို့ဝှက်ချက်များ

အထူးသဖြင့် မိန်းကလေးတော်တော်များများက သူငယ်ချင်း အချင်းချင်း ကိုယ့်ချစ်သူအကြောင်း၊ ကိုယ့် Relationship အကြောင်းတွေ ပြောပြလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ချစ်သူရဲ့ အားနည်းချက်၊ ကိုယ့်ကိုပဲပြောပြတဲ့ သူ့ရဲ့အတွင်းရေးကိစ္စတွေ၊ ကိုယ်နဲ့သူနဲ့ကြားက လျှို့ဝှက်ချက်၊ အရေးကြီးတာတွေကိုတော့ ဘယ်လောက်ခင်တဲ့သူဖြစ်ဖြစ် မပြောပြသင့်ပါဘူး။

မိသားစုအိမ်တွင်းရေးအကြောင်းအစုံ

မိသားစုအိမ်တွင်းရေးကိစ္စတွေကိုလည်း ပေါက်ကွဲတဲ့အခါ၊ ခံစားရတဲ့အခါမှာ ကိုယ်ယုံကြည်ရတဲ့သူတွေကို ရင်ဖွင့်လို့ရပါတယ်။ ဒါပေမယ့် အသေးစိတ်ကျကျ၊ သိသင့်တာတွေရော၊ မသိသင့်တာတွေရော အကုန်လုံး အကြောင်းအရာအစုံတော့ မပြောပြသင့်ပါဘူး။

ပိုက်ဆံကိစ္စ

ပိုက်ဆံကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ခင်တဲ့သူတွေကို လိုက်ပြောပြနေတာမျိုး မလုပ်ပါနဲ့။ အရာရာကို သူများသိနေတာက မကောင်းပါဘူး။ ကိုယ့်ရဲ့အကြောင်းအရာတင်မဟုတ်ပဲ ကိုယ့်မိသားစု၊ ကိုယ့်ချစ်သူရဲ့ ပိုက်ဆံကိစ္စတွေကအစ လိုက်ပြောပြနေတာမျိုးတွေကလည်း လုံးဝကိုမလုပ်သင့်တဲ့အရာ ဖြစ်ပါတယ်။