တစ်နေ့တာအတွက် စိတ်ပင်ပန်းလူပင်ပန်းနဲ့ အဆင်မပြေတာတွေ အားလုံးပြေပျောက်ပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့အတွက် နေ့စဉ်ပုံမှန်လုပ်ပေးဖို့လိုတဲ့ အရာ ၄ ခုကို မျှဝေပေးလိုက်ပါတယ်။

အိပ်ရေးဝအောင်အိပ်ပါ

အိပ်ချိန်ပုံမှန်မရှိပဲ အိပ်ရေးမဝတာတွေကြောင့် စိတ်ရောလူရော ပင်ပန်းစေပါတယ်။ နေရတာထိုင်းမှိုင်းပြီး နုံးနေတတ်ပါတယ်။ ခေါင်းမကြည်၊ စိတ်မကြည်ဖြစ်တာ၊ အားနည်းတာတွေ၊ မူးတာတွေလည်း ဖြစ်စေပါတယ်။ ဒါကြောင့် စောစောအိပ်ပြီး စောစောထတဲ့အကျင့် လုပ်ပေးပါ။ ညအိပ်ချိန်ကိုလည်း သတ်မှတ်ပြီး နေ့တိုင်း အဲ့အချိန်အိပ်ပါ။ မနက်ကို စောစောထပါ။

အာဟာရမျှတအောင်စားသောက်ပါ

အစားအသောက်စားတဲ့အခါမှာ အပြင်စာတွေပဲ ဝယ်စားနေတာမျိုး မလုပ်ပါနဲ့။ အာဟာရမျှတအောင် သေချာဂရုစိုက်ပြီး စားပေးပါ။ အချိန်နဲ့စားပါ။ စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့ဆိုတာက အစားအသောက်နဲ့လည်း သက်ဆိုင်ပါတယ်။ ဒါကြောင့် မနက်စာကိုလည်း ဘာမှမစားပဲ ကော်ဖီတစ်ခွက်သောက်ပြီး အလုပ်သွား၊ ကျောင်းသွားတာမျိုးတွေ မလုပ်ပါနဲ့။ အာဟာရရှိအောင် စားသောက်ပါ။ မနက်စာက တစ်နေ့တာလုံးအတွက် အရေးကြီးပါတယ်။

လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်စရာမလိုပါဘူး။ Gym သွားပြီး မဆော့နိုင်လည်း ရပါတယ်။ အိမ်မှာပဲ တစ်နေ့ကို တစ်နာရီလောက်အချိန်ပေးပြီး လေ့ကျင့်ခန်းလုပ်ပါ။ Youtube ကနေ Workout Plan တွေ ကြည့်ပြီး လုပ်လို့ရပါတယ်။ ဒီလိုလုပ်ဖို့အထိလည်း အဆင်မပြေဘူးဆိုရင် တစ်နေ့ကို မိနစ် ၃၀ အချိန်ပေးပြီး သွေးပူလေ့ကျင့်ခန်းလုပ်တာ၊ အကြောဆန့်တာ၊ လမ်းလျှောက်တာတွေ လုပ်ပေးလို့လည်း ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးရင် စိတ်ရောကိုယ်ပါ ကျန်းမာပြီး နေရတာလည်း ပေါ့ပါးလန်းဆန်းမှု ရှိစေတယ်၊ Stress တွေလည်း လျော့ကျစေပါတယ်။

လုံလောက်စွာအနားယူပါ

ကိုယ့်ရဲ့တစ်နေ့တာမှာ ဘယ်လောက်ပဲအလုပ်များနေပါစေ အနားယူဖို့အချိန်ကိုတော့ သီးသန့်ဖယ်ထားပြီး သေချာအနားယူပါ။ ကိုယ့်အတွက် အနားယူချိန် သီးသန့်ထားပြီး အဲ့အချိန်မှာ ကိုယ်ပျော်ရွှင်ရမယ့် အရာတွေ၊ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ပြီးတော့ အေးဆေးအနားယူပါ။ ဒါဆိုရင် Stress လည်းနည်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာနေပါလိမ့်မယ်။