အသက် ၂၅ ကျော်လာပြီဆိုတာနဲ့ တော်တော်များများက အရင်နဲ့မတူပဲ ပြောင်းလဲလာကြပါတယ်။ အရမ်းရင့်ကျက်သွားကြတဲ့ သူတွေလည်းရှိသလို၊ နည်းနည်းလေးပဲ ရင့်ကျက်လာကြတဲ့သူတွေလည်း ရှိပါတယ်။ သေချာတာတော့ ၂၅ နှစ်မတိုင်ခင်ကနဲ့ မတူတော့ပါဘူး။ အသက် ၂၅ ကျော်လာတဲ့အခါမှာ သင့်အတွက် ဒီအရာ ၄ ခုကတော့ သေချာပေါက် ပြောင်းလဲလာမှာပါပဲ။

သူငယ်ချင်းနည်းသွားခြင်း

ငယ်ရွယ်တုန်းကလို သူငယ်ချင်းတွေ အများကြီးမရှိတော့ပါဘူး။ ကဲဖော်ကဲဖက်တွေလည်း လျော့လာပါလိမ့်မယ်။ နိုင်ငံခြားထွက်ကုန်ကြတဲ့သူတွေလည်း ရှိသလို၊ အိမ်ထောင်ပြုကုန်ကြတဲ့သူနဲ့ တချို့ကျတော့လည်း ကိုယ့်အတွက် အစစ်အမှန် သူငယ်ချင်းမဟုတ်လို့ ကိုယ့်အနားကနေ ခွာသွားကြတယ်။ တချို့ကျတော့လည်း အရင်လို ခဏခဏမတွေ့ဖြစ်ကြတော့လို့ ကွဲကွာသွားကြတယ်၊ သိပ်ပြီး မခေါ်မပြောဖြစ်တော့တာတွေတောင် ရှိပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အပေါင်းအသင်းတွေ၊ သူငယ်ချင်းတွေက လျော့နည်းလာပါတယ်။

လူတွေအကြောင်းပိုသိလာခြင်း

အသက် ၂၅ ကျော်ဆိုရင် အများစုက လုပ်ငန်းခွင်ဝင်နေကြတဲ့ သူတွေချည်းပါပဲ။ လုပ်ငန်းခွင်ဝင်တာနဲ့ ကြာလေ လူတွေအကြောင့် ပိုသိလာလေ၊ လူပေါင်းစုံ၊ စိတ်ပေါင်းစုံနဲ့ ကြုံတွေရလေပါပဲ။ ဘယ်သူက ဘယ်လိုစိတ်ရှိလဲဆိုတာတွေ သိလာပြီး ကိုယ့်အတွက် မလိုအပ်တဲ့သူတွေကို ဘဝထဲက ဖယ်ထုတ်တတ်လာပါမယ်။ ဒါကြောင့် အရင်လို ကလေးဆန်တာတွေလည်း လျော့နည်းလာပါမယ်။

အချစ်ရေးကိုသိပ်မစဉ်းစားတော့ခြင်း

အသက် ၂၅ နှစ်ကျော်တဲ့အချိန်မှာ ရည်းစားရှိပြီးသားသူတွေကတော့ ဒီတစ်ယောက်ထဲနဲ့ပဲ အတည်တကျ လက်တွဲချင်နေပါလိမ့်မယ်။ အရင်လို တစ်ယောက်ပြီးတစ်ယောက် ပြောင်းနေဖို့ကို စိတ်မဝင်စားတော့ပါဘူး။ ရည်းစားမရှိကြတဲ့သူတွေကျတော့ အချစ်ရေးကို သိပ်မစဉ်းစားချင်တော့ဘူး။ အရင်လို သွားဒိတ်လိုက်၊ အီစီကလီလုပ်လိုက်တွေကို စိတ်မဝင်စားတော့ဘူး၊ တစ်ယောက်ထဲနေရတာကိုပဲ ပိုနှစ်သက်လာပါမယ်။

ကြိုးစားချင်စိတ်တွေပိုဖြစ်လာခြင်း

အသက် ၂၅ နှစ်ကျော်လာတော့ ဘဝမှာ ဘာကအရေးကြီးလဲဆိုတာတွေ သိလာပြီး အရင်ကထက် ပိုကြိုးစားချင်စိတ်တွေ၊ အောင်မြင်ချင်စိတ်တွေ ဖြစ်လာပါမယ်။ ငယ်ရွယ်တုန်းမှာ ဘာမှမလုပ်ခဲ့မိရင်တော့ နောင်တရနေမှာပါ။ ရွယ်တူတွေကြားမှာ ဘာမှဖြစ်မြောက်တာမရှိရင် သိမ်ငယ်သလိုစိတ်တွေ ဝင်လာပါလိမ့်မယ်။ ဒါကြောင့် ငယ်တုန်းမှာ ကြိုးစားပါ။ ဒါမှ အသက် ၂၅ နှစ်ကျော်လာရင် မအောင်မြင်ရင်တောင် အခြေအနေကောင်းတစ်ခုကို ဦးတည်နေမှာပါ။