ပိုက်ဆံနဲ့ပတ်သက်ပြီး လူအများစုလုပ်တတ်ကြတဲ့အမှားတွေ ရှိပါတယ်။ ဒီအမှားတွေကြောင့်ပဲ ပိုက်ဆံဘယ်လောက်ရှာရှာ မလောက်တာ၊ ပိုက်ဆံကြောင့် စိတ်ဖိစီးရတာ၊ မပျော်ရွှင်ရတာမျိုးတွေ ဖြစ်နေရတာပါပဲ။ ဒါကြောင့် ကိုယ်တိုင်လည်း ဒီအမှား ၄ ခုကို လုပ်နေမိပြီဆိုရင် ပြင်ဆင်ဖို့လိုပါတယ်။

အရေးပေါ်သုံးဖို့ငွေမထားခြင်း

ကျန်းမာရေး၊ လူမှုရေးအတွက် အရေးပေါ်သုံးဖို့ ပိုက်ဆံစုထားသင့်ပါတယ်။ ကိုယ်ရတဲ့ပိုက်ဆံကို စုတာကသပ်သပ်၊ အရေးပေါ်သုံးဖို့ကသပ်သပ် ဖယ်ထားသင့်ပါတယ်။ ဒါမှ အရေးအကြောင်းဆို ဒီပိုက်ဆံအတွက်နဲ့ စိတ်မဆင်းရဲရမှာပါ။ တော်တော်များများက အရေးပေါ်သုံးဖို့ငွေကို ဖယ်ထားဖို့ မေ့နေတတ်ကြပါတယ်။

ရရင်ရသလောက်သုံးခြင်း

ကိုယ်ရှာသမျှ လိုချင်တာရှိတိုင်း မစဉ်းစားမဆင်ခြင်ပဲဝယ်နေတာ၊ ရရင်ရသလောက်ကို သုံးနေတာမျိုးက အရမ်းမှားပါတယ်။ တစ်ခုခုဆိုရင် ကိုယ့်လက်ထဲမှာ စုမိဆောင်းမိထားတဲ့ငွေ ရှိမှာမဟုတ်ပါဘူး။ သူများထက်လည်း တိုးတက်တာနောက်ကျပါလိမ့်မယ်။ ရသမျှသုံးနေတော့ ပိုက်ဆံတိုးပွားအောင် အရင်အနှီးလုပ်မယ်၊ စီးပွားလုပ်မယ်ဆိုရင် ကိုယ့်လက်ထဲ တစ်ပြားမှရှိနေမှာ မဟုတ်ပါဘူး။

ငွေကိုစနစ်တကျမစီမံထားခြင်း

တချို့ကတော့ လစာရတာနဲ့ ကိုယ့်ဝင်ငွေကို သေချာ plan ဆွဲပြီး စီမံလေ့ရှိပေမယ့် တချို့ကျတော့ ဘာမှမစီမံပဲ သုံးနေလို့ ပိုက်ဆံကဘယ်လောက်ရရ မလောက်တာမျိုး၊ ဘာတွေသုံးလို့ ကုန်သွားမှန်းမသိတာမျိုး အမြဲဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် ပိုက်ဆံရပြီဆိုရင် တစ်လစာအသုံးစရိတ်ဖယ်တာ၊ စုဖို့ဖယ်တာ၊ အရေးပေါ်အသုံးစရိတ်ဖယ်တာမျိုး သေချာခွဲခြမ်းပြီး စီမံသင့်ပါတယ်။

အလွယ်လမ်းလိုက်ခြင်း

ပိုက်ဆံများများရချင်လို့ အလွယ်လမ်းလိုက်တာမျိုး၊ လောင်းကစားတွေလုပ်တာမျိုးက ကောင်းစားရင်တောင် ခဏပဲဖြစ်မှာပါ။ အလွယ်ရမှန်းသလို့ လောဘတက်ပြီးလုပ်နေရင်းကနေ ပျက်စီးသွားတာမျိုး၊ ကိုယ့်မှာရှိတာလေးတွေပါ ဆုံးရှုံးသွားတာမျိုး၊ အကြွေးတွေတင်ကုန်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပိုက်ဆံနဲ့ပတ်သက်ပြီး အလွယ်လမ်း မလိုက်ဖို့က အရမ်းအရေးကြီးပါတယ်။