ညဘက်ဆိုရင် တော်ရုံနဲ့မအိပ်ပဲ ဖုန်းတွေသုံးပြီး ဂိမ်းဆော့လိုက်၊ Facebook သုံးလိုက်နဲ့ လုပ်တာတွေကြောင့် မနက်ရောက်ရင် အိပ်ရေးမဝတာ၊ အိပ်ရေးပျက်တာတွေ ဖြစ်တော့တာပါပဲ။ အိပ်ရေးပျက်တာက တစ်ရက်ဆိုတစ်ရက် အရမ်းသိသာပါတယ်။ အိပ်ရေးပျက်တဲ့နေ့တွေမှာဆိုရင် ဒီလို ဆိုးဝါးတဲ့အရာ ၄ ခုနဲ့ ကြုံတွေ့ရတော့တာပါပဲ။

ခေါင်းမကြည်ခြင်း

အိပ်ရေးပျက်ရင် ဖြစ်လာမှာကတော့ ခေါင်းမကြည်တာပါပဲ။ တစ်နေကုန်ခေါင်းမကြည်တော့ စိတ်ကလည်းမကြည်၊ အရာရာကို စိတ်အလိုမကျဖြစ်ပြီး ဒေါသထွက်နေတတ်ပါတယ်။ ခေါင်းမကြည်ရင် အလုပ်လုပ်တဲ့အခါမှာရော၊ စာလုပ်တဲ့အခါမှာရော လုံးဝအဆင်မပြေပါဘူး။

အာရုံစူးစိုက်နိုင်မှုမရှိခြင်း

အိပ်ရေးပျက်တဲ့နေ့တွေမှာ ဘာပဲလုပ်လုပ် အာရုံစူးစိုက်နိုင်မှု မရှိပါဘူး။ အာရုံစိုက်လေ ခေါင်းကိုက်လေ ဖြစ်လာမှာပါ။ ဘာလုပ်လုပ်လည်းအဆင်မပြေပဲ အလွဲလွဲအချော်ချော်တွေ ဖြစ်လာတတ်ပါတယ်။ အိုင်ဒီယာတွေလည်း ထွက်မလာတော့ပဲ စိတ်ညစ်နွမ်းပြီး စဉ်းစားမရ ဖြစ်နေတတ်ပါတယ်။

ကိုယ်ရောစိတ်ပါမလန်းဆန်းခြင်း

အိပ်ရေးပျက်တဲ့နေ့တွေမှာ ကိုယ်ရောစိတ်ပါ ထိုင်းမှိုင်းပြီး မလန်းဆန်းတော့ပါဘူး။ နေရတာနုံးချိပြီး နေမကောင်းပဲဖြစ်ချင်သလိုလို၊ မအီမသာဖြစ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် လူတစ်ယောက်က အိပ်ရေးဝဖို့ အရမ်းကိုအရေးကြီးပါတယ်။

အသားအရေထိခိုက်ခြင်း

အိပ်ရေးပျက်ရင် အရင်ဆုံးဖြစ်မှာက မျက်ကွင်းကျပြီး မျက်ကွင်းညိုပါမယ်။ အိပ်ရေးပျက်တာတွေကြောင့် ဝက်ခြံတွေလည်း ထွက်လာပါလိမ့်မယ်။ အိပ်ရေးပျက်တဲ့နေ့တွေ များလာရင်တော့ အရွယ်မတိုင်ခင် အရေးအကြောင်းတွေပေါ်လာပြီး အိုမင်းရင့်ရော်ခြင်းတွေလည်း ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် လူတစ်ယောက်ဟာ တစ်နေ့ကို အိပ်ချိန် ၈ နာရီရှိသင့်ပါတယ်။ ညဘက်ကို နောက်ကျမှ အိပ်တာမျိုးတွေမလုပ်ပဲ ပုံမှန်လေးစောစောအိပ်ပြီး စောစောထတာကတော့ အကောင်းဆုံးပါပဲ။ အိပ်စက်ချိန်နဲ့ နိုးထချိန်ကိုလည်း သတ်မှတ်ထားနိုင်ရင် ပိုကောင်းပါတယ်။ အိပ်ရေးပျက်ရင် စိတ်ရောကိုယ်ပါ ထိခိုက်တဲ့အပြင် အသားအရေလည်း ထိခိုက်ပါတယ်။