အလုပ်တစ်ခုမှာ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေဖြစ်နေတဲ့သူတွေ အများကြီးရှိပါတယ်။ အဆင်မပြေတိုင်း၊ စိတ်တိုင်းမကျတိုင်း ထွက်ဖို့ကျတော့လည်း အဆင်မပြေပြန်ပါဘူး။ ဒါကြောင့် ကိုယ့်အနေနဲ့ အလုပ်ထွက်ချင်လာတဲ့အခါမှာ ဒီအချက် ၃ ချက်ကို သေချာပြန်စဉ်းစားကြည့်ပါ။ ပြီးမှ ဆုံဖြတ်ချက်ချပါ။

ဘာကြောင့်ထွက်ချင်တာလဲ

ပထမဆုံးအနေနဲ့ စဉ်းစားသင့်တာက ကိုယ်ဘာကြောင့် ဒီအလုပ်ကထွက်ချင်လဲဆိုတာပါပဲ။ အလုပ်ကလူတွေနဲ့ အဆင်မပြေလို့လား၊ အလုပ်ရှင်နဲ့ အဆင်မပြေလို့လား၊ ကိုယ်နဲ့မကိုက်ညီတဲ့ အလုပ်ဖြစ်နေလို့လား၊ သွားရလာရခက်ခဲလို့လား၊ လစာနည်းလို့လား စတဲ့အရာတွေကို သေချာပြန်စဉ်းစားပါ။

ဒီအလုပ်ကထွက်လိုက်မှ ကိုယ်စိတ်ချမ်းသာရမယ်၊ အခုအခြေအနေက မခံနိုင်လောက်အောင် စိတ်ညစ်နေပြီဆိုရင်တော့ ထွက်ပါ။ ဒါပေမယ့် ကိုယ့်တက်လမ်းအတွက်လည်း ကောင်းတယ်၊ လစာလည်းကောင်းတယ်၊ အလုပ်ကလူတွေနဲ့ အဆင်မပြေတာမျိုးဆိုရင်တော့ နည်းနည်းလေး သည်းခံလိုက်ပါ။ ကိုယ့်အလုပ်ကိုသာ ပြီးအောင်သာလုပ်ပြီး အေးဆေးနေလိုက်ပါ။ ဒီထက်သာတဲ့နေရာပေါ်လာမှသာ နောက်တစ်ခေါက် ပြန်စဉ်းစားသင့်ပါတယ်။

နောက်အလုပ်အဆင့်သင့်ရှိပြီလား

ဒီအလုပ်ကထွက်လိုက်တာနဲ့ နောက်အလုပ်တစ်ခုက အဆင်သင့်ရှိနေပြီလား၊ နောက်အလုပ်တစ်ခုကို လွယ်လွယ်နဲ့ တန်းရနိုင်မှာလားဆိုတာကိုလည်း ပြန်စဉ်းစားဖို့ လိုပါတယ်။ ထွက်ပြီးမှ အလုပ်ကတော်ရုံနဲ့ မရဘူးဆိုရင် ကိုယ်ပဲ အခက်တွေ့ရမှာပါ။ အလုပ်မရှိတာကြာလာရင် လူကအလိုလို စိတ်ဓာတ်ကျလာတတ်ပါတယ်။

ငွေရေးကြေးရေးအခြေအနေ

နောက်ဆုံးအချက်အနေနဲ့ ထည့်စဉ်းစားသင့်တာကတော့ ငွေးရေးကြေးရေး အခြေအနေ ဖြစ်ပါတယ်။ ကိုယ်က ဒီအလုပ်ကထွက်လိုက်လည်း ငွေရေးကြေးရေး အဆင်ပြေတယ်ဆိုရင် ကြိုက်သလို လုပ်လို့ရပေမယ့် ကိုယ်တိုင်ကလည်း ငွေရေးကြေးရေး သိပ်အဆင်မပြေဘူးဆိုရင်တော့ ထွက်လိုက်ရင် ကိုယ်ပဲဒုက္ခရောက်မှာပါ။ မိသားစုစားဝတ်နေရေးကလည်း ရှိသေးတာကြောင့် အရာရာကို သေချာပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ ဒါကြောင့် အလုပ်တစ်ခုကနေ ထွက်တော့မယ်ဆိုရင် ကိုယ့်ရဲ့ ငွေးကြေးအခြေအနေကို ပြန်စဉ်းစားဖို့ကလည်း အရမ်းအရေးကြီးပါတယ်။