ဂျိုင်းမွှေးထွက်နှုန်းမြန်တဲ့သူတွေ၊ သန်တဲ့သူတွေက ခဏလေးနဲ့ ပြန်ထွက်ပြီး အရှည်မြန်ပါတယ်။ အဲ့တာကို ရိတ်လိုက်ရင် ပိုသန်ပါတယ်။ ထွက်တာလည်း ပိုမြန်ပါတယ်။ နှုတ်ရင်ကျတော့လည်း ဂျိုင်းမှာအဖုလေးတွေ ထလာပါလိမ့်မယ်။ အကောင်းဆုံးကတော့ ဂျိုင်းမွှေးနဲ့ပတ်သက်ပြီး waxing လုပ်တာက အကောင်းဆုံးပါ။ ပြီးရင် ဂျိုင်းမွှေးမသန်အောင် လုပ်ရပါမယ်။ ဒါကြောင့် ဂျိုင်းမွှေးထွက်နှုန်းလျော့နည်းလာစေမယ့် အိမ်တွင်းဖြစ်နည်းလမ်း ၃ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ကိုယ်အဆင်ပြေရာတစ်မျိုးကို ရွေးချယ်ပြီး လုပ်ရုံပါပဲ။
နည်းလမ်း ၁
နနွင်းမှုန့်၊ မုန့်ဖုတ်ဆိုဒါနဲ့ ရေပဲလိုပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လုပ်ပေးရုံနဲ့ ဂျိုင်းမွှေးထွက်နှုန်း နည်းလာပါလိမ့်မယ်။
လုပ်ရမယ့်နည်းလမ်းကတော့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရေနည်းနည်းနဲ့ ပျစ်ပျစ်လေးဖြစ်အောင် ရောမွှေပေးပြီး ဂျိုင်းမှာပွတ်လိမ်းကာ ခြောက်တဲ့အထိထားလိုက်ပါ။ ခြောက်သွားပြီဆိုရင် ရေကြက်သီးနွေးလေးနဲ့ သန့်စင်ပေးပါ။
နည်းလမ်း ၂
သကြား၊ ပျားရည်နဲ့ သံပယိုရည်ပဲ လိုပါတယ်။ တစ်ပတ်မှာ ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးရုံနဲ့ ဂျိုင်းမွှေးထွက်နှုန်း နည်းလာပါလိမ့်မယ်။
လုပ်ရမယ့်နည်းလမ်းကတော့ သကြား – ၁ ခွက်၊ ပျားရည် – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာ၊ သံပယိုရည် – စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေပြီး microwave ထဲ ၂ မိနစ်လောက် ထည့်ထားပါ။ အချိန်ပြည့်ရင် အပြင်ထုတ်ပြီး စက္ကန့် ၂၀ လောက် တစ်ခုခုနဲ့မွှေပေးပြီး အအေးခံထားပါ။ အေးသွားပြီဆိုမှ လက်နဲ့ယူပြီး ဂျိုင်းကိုပွတ်ပေးပါ။ ပွတ်ပြီးရင် ရေကြက်သီးနွေးလေးနဲ့ ပြန်သန့်စင်ပေးရုံပါပဲ။
နည်းလမ်း ၃
နနွင်းမှုန့်နဲ့ နွားနို့ပဲ လိုပါတယ်။ တစ်ပတ်မှာ ၂ ကြိမ်လောက် လုပ်ပေးရုံနဲ့ ဂျိုင်းမွှေးထွက်နှုန်း လျော့နည်းလာပါလိမ့်မယ်။
လုပ်ရမယ့်နည်းလမ်းကတော့ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ ဇွန်းနဲ့ နွားနို့ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး ဂျိုင်းမှာ ပွတ်လိမ်းထားပါ။ မိနစ် ၃၀ ကြာမှ ရေကြက်သီးနွေးလေးနဲ့ သန့်စင်ပေးရမှာ ဖြစ်ပါတယ်။