ဘယ်လောက်ပဲ ကိုယ်ကအလှပြင်ပြင် ဖွာလန်ကြမ်းတမ်းနေတဲ့ဆံသားနဲ့ဆိုရင်တော့ ထင်သလောက်မလန်းနိုင်တော့ပါဘူး။ အလှပြင်ဆိုင်သွားပြီး ပေါင်းတင်မယ်ဆိုပြန်တော့လည်း ပိုက်ဆံကုန်ကျစရိတ်များမယ့်အပြင် အချိန်လည်းပေးရပြီး ဓာတုဆေးတွေနဲ့ပေါင်းတင်မှာမို့ ထင်သလောက်စိတ်မချရပြန်ဘူး။ ဒါပေမယ့်မပူပါနဲ့။ ဆံသားတွေအတွက် အထူးအားဖြည့်ပေးမယ့်အပြင် စရိတ်စက အကုန်အကျပါသက်သာစေမယ့် သဘာဝဆံပင်ပေါင်းဆေးတွေကို ကိုယ်တိုင်လုပ်လို့ရပါပြီ။

၁။ ကြက်ဥအနှစ်

ပန်းကန်လုံးတစ်ခုထဲမှာ ကြက်ဥအနှစ် ၃လုံး၊ သံလွင်ဆီ ၁ဇွန်း၊ ပျားရည်တစ်ဇွန်းကို ရောထည့်ပြီး ညက်ညောတဲ့အထိ သေချာမွှေခေါက်ပေးပါ။ ဆံပင်အနှံ့သေချာသုတ်လိမ်းပေးပါ။ shower capလေးအုပ်ပြီး မိနစ် ၃၀ထိထားပေးပါ။ ပြီးရင်တော့ သုံးနေကျ ခေါင်းလျှော်ရည်နဲ့လျှော်လိုက်လို့ရပါပြီ။

*သတိပြုရန်။ ။ရေနွေးပူပူနဲ့မလျှော်ရ။ ခေါင်းမှာလိမ်းထားတဲ့ကြက်ဥအနှစ် ကျက်ပြီးဖယ်ရခက်သွားမှာစိုးလို့ပါ။

၂။ Mayonnaise

Mayonnaise ကကြက်ဥအနှစ်တွေနဲ့ပြုလုပ်ထားတာမို့ ဆံသာတွေကို အဆီဓာတ်ပြည့်ဝစေပြီး ပျော့စင်းချောမွတ်စေပါတယ်။ ဆံပင်အနှံ့၊ ခေါင်းအနှံ့ကို Mayonnaise သုတ်လိမ်းပေးပြီး မိနစ် ၃၀ခန့်ထားပါ။ ဆံသားထဲစိမ့်ဝင်သွားတဲ့အခါမှာတော့ သုံးနေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်ပါ။

၃။ ရှားစောင်းလက်ပက်

သဘာဝ ရှားစောင်းလက်ပက်အနှစ်မှာလည်း ဆံပင်ကို တောက်ပြောင်ပျော့စင်းစေတဲ့ အာနိသင်ပါဝင်ပါတယ်။ သဘာဝရှားစောင်းလက်ပက်အနှစ်ကို ဆံပင်အနှံ့လုံလောက်အောင်လိမ်းပေးပါ။ ဆံပင်အမြစ်နားကနေ ဆံဖျားထိ တဖြည်းဖြည်းလိမ်းနယ်ပေးပါ။ မိနစ် ၃၀ကြာရင်တော့ သုံးနေကျခေါင်းလျှော်ရည်နဲ့ လျှော်လိုက်လို့ရပါတယ်။

၄။ ပန်းသီးရှာလကာ

ပန်းသီးရှာလကာရည်ကလည်း ဆံသားအတွက် အထူးကောင်းမွန်ပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ပန်းသီးရှာလကာရည် ဖန်ခွက် တစ်ဝက်နှင့် ရေ တစ်ဖန်ခွက်ကို ရောပြီး ဆံပင်ပေါ်လောင်းဖျန်းပေးပါ။ ၁၀မိနစ်လောက်ထားပြီးရင်တော့ရေအေးနဲ့ဆေးချလို့ရပါပြီ။

ဒီသဘာဝပေါင်းဆေးလေးမျိုးက ရှာရဖွေရလွယ်တဲ့အပြင် ဆံသားတွေအတွက် အမှန်တကယ်အင်အားဖြည့်တင်းပေးတာမို့ ကိုယ်တိုင်စမ်းသပ်ကြည့်သင့်ပါတယ်။ နူးညံ့ပျော့ပျောင်းတောက်ပတဲ့ ဆံသားလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။