သင်ကဘယ်လို ဂီတအမျိုးအစားတွေကို စွဲစွဲမြဲမြဲနားထောင်လေ့ရှိပါလဲ။သင်နားထောင်တဲ့ ဂီတအမျိုးအစားကနေ သင့်ရဲ့အကြောင်းကိုသိနိုင်မယ်ဆိုရင် စိတ်ဝင်စားပါသလား။ကိုယ်ဟာ ဖန်တီးနိုင်စွမ်းမြင့်မားတဲ့သူလား၊ ယဉ်ကျေးသိမ်မွေ့တဲ့သူလား၊ ဒါမှမဟုတ် တစ်ကိုယ်ကောင်းဆန်တတ်တဲ့သူလား ဆိုတာကို သင်ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားကို ဖော်ပြပေးနိုင်ပါတယ်။

Pop

အခြားသော ဂီတချစ်သူတွေနဲ့ ယှဉ်လိုက်တဲ့အခါ ပေါ့ဂီတချစ်သူတွေက ဖန်တီးနိုင်စွမ်းမရှိဘဲ စိုးရိမ်ပူပန်ကြောင့်ကြတတ်လေ့ရှိပါတယ်။ ဒါပေမဲ့ သူတို့က ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး မိမိကိုယ်ကို ယုံကြည်အားကိုးစိတ်လည်း ရှိကြပါတယ်။ သူတို့တွေက သီချင်းတစ်ပုဒ်တည်းကို ထပ်တလဲလဲ နားထောင်ရတာကိုလည်း ကြိုက်နှစ်သက်ကြပါတယ်။ ဒီလိုနားထောင်ခြင်းအားဖြင့် မိမိရဲ့စိတ်ခံစားချက်ကို ကောင်းမွန်အောင် လုပ်ဆောင်နိုင်တယ်လို့ ယုံကြည်ကြပါတယ်။

Rock

ရော့ခ် ဂီတကို အမျိုးအစားထပ်ခွဲကြည့်လိုက်တဲ့အခါ Classic ရော့ခ်ချစ်သူတွေက အလုပ်ကြိုးစားကြပြီး သောက ကင်းဝေးတဲ့သူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်စိတ်ကိုတော့ တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်သင့်ပါတယ်။ ပန့်ခ် ရော့ခ်ချစ်သူတွေကတော့ အမြဲတမ်း တက်ကြွ လန်းဆန်းပြီး စွမ်းအင်ပြည့်ဝနေကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ်ချင်းစာစိတ်ကို များများမွေးမြူသင့်ပါတယ်။

Jazz And Blue

ဂန္တဝင်သီချင်းချစ်သူတွေလိုပဲ ဂျက်ဇ်နဲ့ ဘလူးတေးဂီတချစ်သူတွေက ဖန်တီးနိုင်စွမ်းအားမြင့်မားပါတယ်။ ဒါ့အပြင် ပွင့်ပွင့်လင်းလင်းသမားတွေဖြစ်ပြီး ဆင်ခြင်တွေးတောနိုင်စွမ်းလည်း ကောင်းမွန်ပါတယ်။

Heavy Metal

သီချင်းအမျိုးအစားမြောက်မြားစွာထဲကမှ Heavy Metal ကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ သင်က ဖန်တီးနိုင်စွမ်း မြင့်မားတဲ့သူတစ်ယောက်ပါ။ စိတ်ပညာရှင် Adrian North ရဲ့ သုံးနှစ်သုံးမိုးကြာ လေ့လာချက်အရ Heavy Metal တွေကို လူငယ်အများစုက ကြိုက်နှစ်သက်ကြပြီး သူတို့မှာ နူးညံ့ပျော့ပျောင်းတဲ့စိတ်နေစိတ်ထား ပိုင်ဆိုင်ကြတယ်လို့ ပြောထားပါတယ်။

Hip Hop

ဟစ်ဟော့သီချင်းတွေက စည်းချက်ဝါးချက်ညီညီနဲ့ စွမ်းအင်အကုန်ထုတ်သုံးပြီး သီဆိုရတဲ့ဂီတအမျိုးအစားပါ။ ဆိုရုံနဲ့ မပြီးသေးဘဲ အလိုက်သင့် ကခုန်နေရပါသေးတယ်။ လေ့လာချက်အရ ဟစ်ဟော့ပရိသတ်တွေက ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ကြပြီး မိမိကိုယ်ကို ယုံကြည်ချက် မြင့်မားသူတွေဆိုလည်း မမှားပါဘူး။

Classic

Classic တေးသီချင်းတွေကို ကြိုက်နှစ်သက်သူတွေက တစ်သီးတစ်သန့် ဘာသိဘာသာနေရတာကို ကြိုက်နှစ်သက်သူတွေဖြစ်ပါတယ်။ မိမိကိုယ်ကို ယုံကြည်စိတ်မြင့်မားသူတွေလည်းဖြစ်သလို တီထွင်ကြံဆနိုင်စွမ်းလည်း ကောင်းမွန်ကြပါတယ်။ ဒါ့အပြင် Classic သီချင်းကြိုက်နှစ်သက်သူတွေက အသက်အရွယ်အရ ရင့်ကျက်သူတွေဖြစ်ပြီး ပိုက်ဆံရှာရာမှာလည်း ကျွမ်းကျင်မှုရှိကြပါတယ်။

Country

Country တေးဂီတသီချင်းချစ်သူတွေကတော့ ဟန်ဆောင်မှုကင်းမဲ့ကြပြီး စာနာစိတ်လည်း အင်မတန်မြင့်မားကြပါတယ်။ သူတို့တွေက အလုပ်ကြိုးစားတဲ့အပြင် ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းမွန်ကြပါတယ်။

အခုပြောပြသွားတဲ့အချက်တွေနဲ့ စာဖတ်သူတို့ရဲ့ စိတ်နေစိတ်ထား ကိုက်ညီမှုရှိရဲ့လား။