သင်ပြောတဲ့အရာ သင့်ကိုယ်သင် ပြောလိုက်မိတဲ့အရာက သင့်ဆီ ရောင်ပြန်ဟပ်တတ်တယ်ဆိုတာကို သတိထားမိပါသလား။ သင့်ဘဝမှာ အောင်မြင်ဖို့အတွက် သင့်ကိုယ်သင် ဘယ်တော့မှ မပြောသင့်တဲ့စကားလုံးလေးတွေရှိပါတယ်။ ဒီစကားလုံးတိုင်းက သင့်ကိုယ်သင် ပြောဖူးတဲ့ စကားတွေချည်းဖြစ်တာမို့ သင့်အံ့သြသွားပါလိမ့်မယ်။ အခုပဲ ဘာတွေလဲဆိုတာ ကြည့်ပြီး ဆင်ခြင်လိုက်ရအောင်..

ဘယ်သူမှ ငါ့ကိုမချစ်ဘူး

ကျွန်ုပ်တို့မှာ ဘယ်လောက်ပဲ အပြစ်အနာအဆာတွေ များပါစေ အချစ်ခံရဖို့ ထိုက်တန်ပါတယ်။ သင့်ကိုချစ်တဲ့လူတစ်ယောက်ကတော့ အမြဲရှိပါတယ်။ ဒါပေမဲ့ အိမ်ထဲထိုင်ပြီး ငါ့ကို ဘယ်သူမှ မချစ်ဘူးလို့ ထိုင်အော်နေလို့မရပါဘူး။ မိတ်ဆွေသစ်တွေနဲ့ တွေ့ဆုံကြည့်ပါ။

ငါက တုံးလိုက်တာ

သင်လုပ်နေတဲ့ အလုပ်တိုင်း ကျရှုံးနေပေမယ့် သင့်ပန်းတိုင်ကို မရောက်နိုင်တော့ဘူးလို့ မဆိုလိုပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် ဖိအားသိပ်မပေးပါနဲ့။ သင့်ရဲ့ လုပ်ကိုင်နိုင်စွမ်းတွေပေါ် အာရုံစိုက်ပါ။ ကိုယ့်ကိုကိုယ် အပြစ်မတင်ပါနဲ့။

ငါတစ်ယောက်တည်း အထီးကျန်လိုက်တာ

လူတိုင်းမှာတော့ ဝမ်းနည်းတဲ့အချိန် အထီးကျန်တဲ့ခံစားချက်မျိုး ပေါက်ဖွားလာတတ်ပါတယ်။ ဒီလိုခံစားရတာက သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ လူတိုင်းလိုလို အထီးကျန်ဖူးပါတယ်။ အထီးကျန်လာတဲ့အချိန်တိုင်း အချစ်ဆုံး ခင်မင်ရသူတွေဆီ ရင်ဖွင့်ပါ။ သင့်ရဲ့ နာကျင်မှု သက်သာလာပါလိမ့်မယ်။

ငါက အဲ့လောက်မတော်ဘူး

သင့်ကိုယ်သင် မတော်ဘူးလို့ ထင်ထားတဲ့ အရာတွေကို လုပ်လိုက်တဲ့အချိန်တိုင်း အမြဲ အခက်အခဲကြုံတတ်တာ သတိထားမိမှာပါ။ ကိုယ့်ကိုကိုယ် သူများတွေနဲ့ ယှဉ်ပြီး ကိုယ့်အရည်အချင်းကို မနှိမ့်ချသင့်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုကိုယ် မတော်ဘူးဆိုတဲ့ စကား မပြောမိပါစေနဲ့။

ငါအရှုံးပေးလိုက်ပြီ

အခက်အခဲဘယ်လောက်ပဲ ကြီးမားပါစေ သင်ဖြေရှင်းနိုင်ပါတယ်။ သင် မထွက်မချင်း ကျရှုံးမှာ မဟုတ်ပါဘူး။ အရင်က ကျရှုံးမှုတွေကြောင့် လက်မလျှော့လိုက်ပါနဲ့။

ငါမလုပ်နိုင်ဘူး

မလုပ်နိုင်တဲ့ အရာမရှိပါဘူး။ မလုပ်ဖြစ်တဲ့ အရာပဲရှိတာပါ။ စစ်မရောက်ခင်ကတည်းက မြားကုန်တာမျိုးမလုပ်ပါနဲ့။ သင့်ကိုယ်သင် ယုံကြည်ပါ။ သင့်ခွန်အားတွေကို ယုံကြည်ပါ။ လူတွေက သင့်ကို ဘယ်လောက်ပဲ ဝေဖန်ပါစေ သင့်အောင်မြင်မှုနဲ့ သင်က မဝေးကွာတော့ပါဘူး။