လူတိုင်းက အမှားလုပ်တတ်တာ သဘာဝမို့ ဘာမှမဖြစ်ပေမယ့် ခဏခဏလုပ်နေရင်တော့ ကိုယ့်ချစ်သူအပေါ်မှာ အလေးမထားရာကျပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူအပေါ်မှာ တကယ်ချစ်တယ်ဆိုရင် ဒီအရာတွေကို ထပ်တလဲလဲမလုပ်သင့်ပါဘူး။

မကြိုက်ဘူးပြောထားတဲ့အရာတွေကို ထပ်တလဲလဲမလုပ်ပါနဲ့။ ကိုယ့်ချစ်သူက မကြိုက်ဘူးပြောထားတာကို ကိုယ်ကလုပ်မိရင် အစပိုင်းမှာတော့ စိတ်ဆိုးစိတ်ကောက်မယ်၊ ပြန်ချော့လိုက်ရင် ပြန်ပြေလည်သွားကြမယ်။ နောက်ပိုင်းလည်း ဒီလိုပဲ မကြိုက်တာတွေကို ထပ်လုပ်နေမယ်ဆိုရင် ကြာလာတဲ့အခါမှာတော့ တစ်ဖက်လူက စိတ်ဆိုးစိတ်ကောက်တာထက် စိတ်မကောင်းဖြစ်ပြီး စိတ်ပျက်လာပါလိမ့်မယ်။ ဒါက Relationship ကို ထိခိုက်နိုင်ပါတယ်။

လိမ်တာညာတာတွေကလည်း ခဏခဏဖြစ်လာရင် Relationship တစ်ခု ပျက်ဆီးသွားတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူအပေါ် တကယ်ချစ်ရင် မလိမ်ပါနဲ့။ အမှန်အတိုင်းပြောရင် စိတ်ဆိုးမှာစိုးလို့ လိမ်တယ်ဆိုတာလည်း တကယ်တော့ အကြောင်းပြချက်တစ်ခုပါပဲ။ သေချာရှင်းပြပြောပြတာမျိုး လုပ်ရင်လုပ်၊ မဟုတ်ရင်လည်း မကြိုက်တာတွေကို မလုပ်ပဲနေလိုက်ရင် လိမ်ညာစရာ ကိစ္စတွေလည်း နည်းသွားမှာပါ။

ကိုယ့်ချစ်သူအပေါ်မှာ ဘယ်လောက်ပဲစိတ်တိုတို၊ ရန်ဖြစ်ဖြစ် လုံးဝကို လက်မပါသင့်ပါဘူး။ အော်ငေါက်မိတာမျိုးကတော့ အရမ်းစိတ်တိုတဲ့အခါမျိုးမှာ လုပ်မိနိုင်ပါတယ်။ ဒါပေမယ့် ခဏခဏ ထပ်တလဲလဲ အော်ငေါက်တာမျိုး၊ လူရှေ့သူရှေ့မှာအစ အော်ငေါက်ပြောဆိုတာမျိုးတော့ လုံးဝမလုပ်မိပါစေနဲ့။ တစ်ဖက်လူက အရမ်းစိတ်ပျက်သွားပါလိမ့်မယ်။

Photo source: www.freepik.com