MyStyle ပရိတ်သတ်ကြီးရေ….ကြိုးစားရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး ဆိုတာဟုတ်ပေမဲ့ တခါတလေမှာတော့ လူတစ်ယောက်ရဲ့အချစ်ကိုတော့ လုံးဝမရနိုင်တော့တဲ့အချိန်တွေ ရှိပါတယ်။ အခုပြောပြပေးမယ့် အကြောင်းအရာကတော့ သင် နာကျင်ခံစားနေရတာထက်စာရင် လုံးဝလက်လျှော့လိုက်သင့်တဲ့ လူတွေအကြောင်းပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာက တစ်ဖက်သတ်အချစ်ကို ခံယူထားတဲ့ လူတွေ ကိုယ်ဘက်ကပဲပေးဆပ်ပြီးချစ်နေရတဲ့သူအကုန်လုံးနဲ့ သက်ဆိုင်ပါတယ်နော်..

၁။ သင်က အားနည်းတဲ့လူတစ်ယောက်မဟုတ်ဘူး

သင့်ဘဝမှာ လက်လွှတ်လိုက်တဲ့အချိန် သူဆိုတာ လုံးဝပျောက်ကွယ်သွားမယ်ဆိုတဲ့ အသိက လက်ခံဖို့ ခက်ခဲလွန်းပါတယ်။ သူရှိနေမှ သင့်အပြုံးလေးတွေက အသက်ဝင်ခဲ့တာပဲလေ။ ဒါပေမဲ့ သင်မှတ်မိသေးရဲ့လား။ သင့်ဘဝရဲ့ ဘုရင်မက ဘယ်သူလဲဆိုတာ။ သင့်ဘဝကို ဘယ်သူက နာကျင်အောင် လုပ်မလဲ၊ ဘယ်သူက ပျော်ရွှင်စေမလဲ သင်ကိုယ်တိုင် စီမံလို့ရပါတယ်။သူ့ကို လက်လွှတ်တာကြောင့် သင်က အားနည်းသူတစ်ယောက် မဖြစ်သွားပါဘူးနော်။

၂။ သင့်ကို စွန့်လွှတ်ထားသူတစ်ယောက်ကို ပြန်စွန့်လွှတ်ခြင်း

ဒီစွန့်လွှတ်ခြင်းအဆင့်က အရေးအပါဆုံးအဆင့်ပါပဲ။ ဘဝမှာ အခက်အခဲအများကြီးကို ဖြတ်ကျော်ပြီးချိန်က ဂုဏ်ယူစရာအကောင်းဆုံးပါပဲ။ အခုလက်လွှတ်ဖို့ ကြိုးစားနေတဲ့အချိန်က ပျော်စရာမရှိသေးပါဘူး။ ဒါပေမဲ့ အချိန်ကြာလာတဲ့အခါ သင့်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်လာမှာပါ။

၃။ သင်ကအရမ်းလှတယ်

သင့်အလှကို မခံစားတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်လိုက်ရအောင်နော်။ ကျွန်မတို့ရဲ့ ငယ်ရွယ်မှု၊ အလှတွေကို တန်ဖိုးထားရကောင်းမှန်းမသိတဲ့ လူတစ်ယောက်ဆီမှာ မဖြုန်းဘဲနေရအောင်။

၄။ သင့်ခံစားချက်ကို နားလည်ပါတယ်

သူက သင့်ကို လုံးဝမချစ်နိုင်တော့တဲ့အခါ သင့်ရဲ့ နှလုံးသားဟာလည်း ကွဲသွားတဲ့ ဖန်ကွဲစလေးလိုပါပဲ။ ငိုချလိုက်ပါ။ တစ်နေ့လုံး အခန်းထဲ အောင်းပြီး အိပ်နေလိုက်ပါ။ ဒီလိုတွေလုပ်နေရုံနဲ့ သင်က အသုံးမကျတဲ့လူတစ်ယောက်မဖြစ်သွားပါဘူး။ သူ့ကို လက်လွှတ်လိုက်တာက ဘဝကို အရှုံးပေးတဲ့လူတစ်ယောက်ဘဝဆီ မရောက်သွားပါဘူး။ ဒီလက်လွှတ်ခြင်းက ဘဝအတွက် အသုံးမဝင်တဲ့အရာကို လက်လျှော့ခြင်းပါ။

သင့်ဘဝရဲ့ ဘုရင်မက သင်ပါပဲ။ တစ်နေ့နေ့ သင့်ကို အရာရာ နားလည်ပေးပြီး အပြည့်အဝချစ်မယ့် လူတစ်ယောက်နဲ့ ဆုံတွေ့မှာပါ။ သင့်ကို အပြည့်အဝကာကွယ်ပေးမယ့် ဘုရင်တစ်ပါးကိုပဲ စောင့်မျှော်လိုက်ပါ။