သင်ဟာ အတွေးလွန်တတ်တဲ့သူတစ်ယောက်မဟုတ်ဘူး။ ဒါပေမယ့် သင့်ချစ်သူဟာ တစ်ခုခုဆိုရင် Over Thinking ဖြစ်တဲ့သူတစ်ယောက်ဆိုရင် သင့်အနေနဲ့ ဒီအချက်လေးတွေကို သိထားမယ်ဆိုရင် အကျိုးမယုတ်ပါဘူးနော်။ တခါတလေ အတွေးလွန်တတ်တဲ့သူတွေကို သင့်အနေနဲ့ နားလည်ရခက်ခဲပါလိမ့်မယ်။ သူတို့တွေဟာ မကြာခဏဆိုသို စိုးရိမ်ပူပန်တတ်ပြီး ကိုယ့်ကိုကိုယ် သံသယရှိတတ်ကြပါတယ်။

သင်ဟာ အခုလို အတွေးလွန်ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားရင် သူနဲ့ အံဝင်ခွင်ကျဖြစ်အောင် သိထားရမယ့်အချက်တွေ၊ သူတို့ကိုပိုမိုကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ကူညီပေးနိုင်မယ့်အချက်တွေကို သိထားသင့်တဲ့အတွက် ပြောပြပေးချင်ပါတယ်။

သင့်ချစ်သူက Over Thinker (အတွေးလွန်တတ်သူ) တစ်ယောက်ဆိုရင် သူနဲ့ သင် အမြင်မတူတာတွေကြောင့် ခဏခဏ စကားများရပါလိမ့်မယ်။ အဲဒီလိုမဖြစ်ရအောင် သင်ကိုယ်တိုင် အဖြေရှာတွေ့နိုင်ဖို့ မျှဝေပေးလိုက်တာပါနော်။

၁။ သင့်ချစ်သူကို အိုဗာတွေလုပ်မနေနဲ့ လို့ မပြောပါနဲ့

သင့်ချစ်သူကိုတစ်ခုခုဆို အိုဗာတွေလုပ်မနေနဲ့ လို့ပြောတာဟာ သူ့အတွက်အဓိပ္ပာယ်မရှိပါဘူး။ သူ့ကိုပိုလို့တောင် နာကျင်စေပြီး သူတို့ဘာတွေတွေးနေတယ်၊ သူတို့ဘာတွေခံစားနေရတယ်ဆိုတာကို သင့်အနေနဲ့ နားမလည်ဘူးလို့ သူခံစားရသွားစေပါတယ်။ သူတို့ကို ပိုပြီးအတွေးလွန်စေပါတယ်။ ဒါ့ကြောင့် အဲဒီလိုစကားလုံးတွေကို လုံးဝမပြောပါနဲ့။

၂။ စကားလုံးရွေးချယ်မှုကို ဂရုစိုက်ပါ

စကားပြောတဲ့အခါ စကားလုံးကို ပညာသားပါပါရွေးချယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ သင်ပြောလိုက်တဲ့စကားတစ်ခွန်းဟာ သူ့ကို အထပ်ထပ်အခါခါအတွေးပေါင်းစုံဖြစ်စေလို့ပါ။

၃။ သင်တို့နှစ်ယောက် ဆက်ဆံရေးကို ယုံကြည်မှုရှိစေပါ။

အရမ်းအတွေးလွန်တတ်တဲ့သူတွေဟာ တစ်ခုခုဖြစ်လာရင် သင်တို့နှစ်ယောက်ဆက်ဆံရေး ပျက်စီးသွားမယ်လို့ တွေးထင်တတ်ကြပါတယ်။ သင်လည်း တခြားသူတွေလို သူ့ကိုထားခဲ့မှာပဲလို့ထင်နေတတ်ပါတယ်။ ဒ့ါကြောင့် သင့်ချစ်သူကို သင်တို့နှစ်ယောက်ဆက်ဆံရေးနဲ့ပတ်သက်လို့ ယုံကြည်မှုရှိစေပါ။

၄။ သင့်အပြုအမူကို ဂရုစိုက်ပါ

သင့်အပြုအမူတစ်ခုခုဟာ သူ့အတွက် တွေးစရာဖြစ်သွားစေပါတယ်။ သင်စကားပြောတဲ့အခါမှာလည်း သင်ဘယ်လောက်လေးနက်တဲ့အကြောင်း အပြုအမူနဲ့ပြသပါ။

၅။ ကတိတွေ အတင်းမတောင်းပါနဲ့

အရမ်းတွေးတတ်တဲ့သူတစ်ယောက်ဟာ ကတိပေးဖို့ အရမ်းခက်ခဲပါတယ်။ သူ့ကိုတကယ်ချစ်တယ်ဆိုရင် အချိန်ပေးပါ။ အရမ်းဖိအားမပေးပါနဲ့။

၆။ မဝေဖန်ပါနဲ့

သူတစ်ခုခုပြောတော့မယ်ဆိုရင် နားထောင်ပေးလိုက်ပါ။ မဝေဖန်လိုက်ပါနဲ့။ သူပြောတာကို သင်နားထောင်ပေးတယ်ဆိုတဲ့အသိကို သူ့ကိုပေးပါ။ သူ့ကို နားလည်မှုတွေ ယုံကြည်မှုတွေပေးပါ။

၇။ အစီစဉ်ဆွဲပါ

အတွေးလွန်တဲ့သမားတွဟာ Surprise လုပ်တာကို သဘောမကျကြပါဘူး။ အစီစဉ်တကျသွားတာကို ပိုပြီးသဘောကျပါတယ်။

၈။ သေးသေးလေးတွေကအစဂရုစိုက်ပါ

အတွေးလွန်တတ်တဲ့သူတွေဟာ သေးသေးလေးတွေကအစ သူတို့ အာရုံစိုက်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့လည်း သူဘာခံစားနေရသလဲ။ တစ်ခုခုကို စိုးရိမ်နေသလားဆိုတဲ့ သေးသေးလေးတွေကအစ ဂရုစိုက်ပါ။ စိတ်ဆိုးရင်လည်း အကြောင်းအရာ ကြီးကြီးမားမားမဟုတ်ရင်တောင် ပစ်မထားပါနဲ့။

၉။ သင်ဂရုစိုက်ကြောင်းပြသပေးပါ

အတွေးလွန်တတ်တဲ့သူတွေဟာ ကိစ္စသေးသေးလေးတွေကအစ သူတို့အတွက် အရေးပါပါတယ်။ သူတို့ကို မနက်စာကျွေးတာ၊ ဖိနပ်ကြိုးချည်ပေးတာ၊ အင်္ကျီရွေးပေးတာ၊ သူကြိုက်တတ်တဲ့အစားအစာတွေကို သတိတရ ဝယ်ပေးတာမျိုးလုပ်ပါ။

၁၀။ သူမေးတာကိုဖြေလိုက်ပါ

အတွေးလွန်တဲ့သူတွေဟာ တခြားသူတွေထက် ပိုပြီး အကြောင်းအရာကို သိချင်ကြပါတယ်။ ဥပမာ ကိုယ့်အိမ်ကဖုန်းဆက်လာတယ်လို့ မပြောလိုက်နဲ့ ဘာပြောတာလဲ။ အဲဒါပြီးတော့ကော ဘာတဲ့လဲဆိုပြီး မေးတတ်ပါတယ်။ ကိုယ်က အကျဉ်းချုပ်ပဲပြောလိုက်ရင် မကျေနပ်ပြန်ပါဘူး။ ကိုယ်ကလည်း စိတ်မရှည်တာနဲ့ အော်မိပါတယ်။ ဒီလိုမျိုးလုပ်တာထက် သူမေးတာကို စိတ်ရှည်လက်ရှည်နဲ့ဖြေလိုက်ပါ။ မဟုတ်ရင် ဒါလေးမေးတာတောင်မဖြေချင်ဘူး။ ငါ့ကိုဂရုမစိုက်ဘူးလို့ထင်သွားတတ်ပါတယ်။

၁၁။ သူ့ရဲ့ ပုံစံအတိုင်းပဲ သင်လက်ခံလိုက်ပါ

ကိုယ်ကသူ့ကိုချစ်မိနေပြီပဲ။ သူကအတွေးလွန်သမားပဲဖြစ်နေပါစေ ကိုယ်လက်ခံရမယ်။ နားလည်ပေးနိုင်ရပါမယ်။ သူနဲ့ သဟဇာတဖြစ်အောင်နေနိုင်ရပါမယ်။ ချစ်တယ်ဆိုရင် သူရဲ့ အရှိအတိုင်းလေးကိုပဲ လက်ခံပေးလိုက်ပါ။ ဒါဆိုရင်တော့ ‌အေးချမ်းပျော်ရွှင်တဲ့ အချစ်ရေးကို သင်ပိုင်ဆိုင်ရမှာပဲ့ ဖြစ်ပါတယ်နော်။