မတ်တပ်ရပ်ရလို့၊ လမ်းလျှောက်ရလို့၊ ဒေါက်ဖိနပ်စီးတာကြာသွားလို့ ခြေထောက်တွေညောင်းတာ၊ ခြေချင်းဝတ်နဲ့ ခြေဖဝါး နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် အမြန်ဆုံးသက်သာဖို့အတွက် လေ့ကျင့်ခန်းလုပ်ပေးလို့ ရပါတယ်။ လူတိုင်းလုပ်လို့အဆင်ပြေအောင် အလွယ်ကူဆုံးသော လေ့ကျင့်ခန်းတွေကို မျှဝေပေးလိုက်ပါတယ်။

လေ့ကျင့်ခန်း ၁

ထိုင်ပြီးတော့ပဲဖြစ်ဖြစ်၊ ထပြီးတော့ပဲဖြစ်ဖြစ် ကိုယ်အဆင်ပြေသလို နေလို့ရပါတယ်။ ပြီးရင်တော့ ခြေထောက်တစ်ဖက်ကို အရှေ့ဆန့်ထုတ်ပြီး ခြေဖဝါးကို အောက်စိုက်ထားပါ။ ပြီးရင် ဒုတိယပုံထဲကလို ခြေချောင်းလေးတွေကို အပေါ်နည်းနည်းကော့ပြီး စက်ဝိုင်းပုံစံ လှည့်ပေးရမှာဖြစ်ပါတယ်။ ၁၀ ကြိမ်လှည့်ပေးရင် ရပါပြီ။ အကြိမ်ရေပြည့်ရင် ဘယ်ညာပြောင်းလုပ်ပါ။

လေ့ကျင့်ခန်း ၂

နောက်ထပ်လေ့ကျင့်ခန်းကလည်း အရမ်းလွယ်ပါတယ်။ ခြေချောင်းထိပ်လေးတွေနဲ့ ထောက်ပြီးတော့ လမ်းလျှောက်ပေးရမှာပါ။ အနည်းဆုံး ၅ မိနစ်ကနေ အများဆုံး ၁၅ မိနစ်အထိ ကိုယ်အဆင်ပြေသလောက် လျှောက်ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်း ၃

ခုံတစ်ခုကိုယူပြီး လက်နဲ့အမှီပြုကာ ကိုင်ထားပါ။ ခြေထောက်တစ်ဖက်ကို ကွေးထားပြီး နောက်ခြေထောက်တစ်ဖက်က ခြေဖဝါးကို ကြွလိုက်၊ ပြန်ချလိုက်နဲ့ လုပ်ပေးရမှာပါ။ ၁၅ ကြိမ်ပြည့်အောင်လုပ်ပြီးရင် ခြေထောက်ကို ဘယ်ညာပြောင်းပြီး အဲ့ပုံစံအတိုင်း ၁၅ ကြိမ် ထပ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၄

ခြေချောင်းလေးတွေကို ပုံမှန်အတိုင်းထားလိုက်၊ အတွင်းအောက်ဘက်ကို ကုတ်လိုက်နဲ့ ဆက်တိုက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ ကိုယ်လုပ်နိုင်သလောက် လုပ်ပေးပါ။

လေ့ကျင့်ခန်း ၅

ခုံမှာ မတ်မတ်ထိုင်ပြီး တင်းနစ်ဘောလုံးကို ခြေဖဝါးအလည်တည့်တည့်မှာ ထားပါ။ ပြီးရင် လှိမ့်နေပေးပါ။ ဒါက ခြေဖဝါး massage လုပ်တာပါပဲ။ ခြေဖဝါးနာကျင်တာ၊ ခြေချင်းဝတ်နာတာအတွက် အရမ်းကောင်းပါတယ်။ ဘယ်ညာတစ်လှည့်စီသာ လုပ်ပေးပါ။

လေ့ကျင့်ခန်း ၆

Resistance band ကိုသုံးပြီးလုပ်ရမယ့် လေ့ကျင့်ခန်းဖြစ်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း resistance band နဲ့ ခြေထောက်ကို တင်းနေအောင်ဆွဲလိုက်၊ ပြန်လျှော့လိုက်နဲ့ ၁၅ ကြိမ်လောက် လုပ်ပေးပါ။ ဘယ်ညာ တစ်လှည့်စီ တစ်ဖက်ကို ၁၅ ကြိမ်စီ လုပ်ပေးပါ။