အသားအရမ်းဖြူနေတာမျိုးမဟုတ်ရင်တောင် ခြေထောက်လေးတွေဖြူပြီး သန့်နေရင်ကို ကြည့်ကောင်းနေတာပါ။ လူတိုင်းက ခြေထောက်လေးတွေဖြူနေတာမျိုး လိုချင်ကြပါတယ်။ ဒါကြောင့် ခြေထောက်လေးဖြူပြီး သန့်နေတာမျိုးလိုချင်တဲ့သူတွေအတွက် ပုံမှန်လုပ်ပေးဖို့လိုတဲ့အရာ ၄ ခုကို ပြောပြပေးလိုက်ပါတယ်။ ဒီ ၄ ခုကိုသာ အမြဲလုပ်ပါ။ တစ်ဖြေးဖြေးနဲ့ ခြေထောက်က ဖြူလာတာကို တွေ့ရပါလိမ့်မယ်။

ရေချိုးတိုင်းခြေထောက်တိုက်ပါ

ရေချိုးတိုင်းမှာ ခြေထောက်ကို လက်နဲ့အရင် ဂျေးတွန်းပါ။ ပြီးရင် ခြေထောက်တိုက်တဲ့ brush လေးနဲ့ သေချာတိုက်ပေးပါ။ ဒီအချက်က အရမ်းသိသာပါတယ်။ ချက်ချင်းတော့ဖြူလာတာမျိုးမဟုတ်ပေမယ့် နေ့တိုင်းသာလုပ်ပေးရင် ၂ လ၊ ၃ လလောက်နဲ့ကို ခြေထောက်က ဖြူပြီးသန့်လာပါတယ်။

တစ်ပတ်တစ်ခါ Scrub လုပ်ပါ

တစ်ပတ်တစ်ခါ Body Scrub လုပ်ပေးသလို ခြေထောက်လေးတွေကိုလည်း သေချာ Scrub လုပ်ပေးပါ။ ဂျေးတွေပြောင်ပြီး အသားအရေကကြည်လင်လာမယ်။ ဖြူပြီးသန့်လာပါမယ်။ ဖိနပ်သဲကြိုးရာတွေပါ ပျောက်သွားပါလိမ့်မယ်။

Lotion အမြဲလိမ်းပါ

တော်တော်များများက ပြီးစလွယ် လက်ကိုပဲ Lotion လိမ်းကြတာများပါတယ်။ ခြေထောက်လိမ်းရင်တောင် ခြေသလုံးလောက်ပဲ လိမ်းကြတာများပါတယ်။ လိမ်းမယ်ဆိုရင် တစ်ကိုယ်လုံးသေချာလိမ်းပေးသင့်ပါတယ်။ ခြေထောက်လေးတွေ၊ ခြေဖမိုးလေးတွေကို သေချာ Lotion လိမ်းပါ။ နေ့တိုင်းလိမ်းပါ။ ခြေထောက်အသားအရေက မွဲခြောက်ခြောက်ကြီးမဖြစ်ပဲ စိုစိုလေးနဲ့ကြည်ပြီး ဖြူလာပါလိမ့်မယ်။

ဆိုင်မှာ Foot Cleansing လုပ်ပါ

တတ်နိုင်ရင် ခြေထောက်ကို ၂ ပတ် တစ်ခါ (သို့) တစ်လ တစ်ခါလောက် ဆိုင်မှာ Foot Cleansing လုပ်ပေးပါ။ ပုံမှန်သာလုပ်ပေးရင် ခြေထောက်လေးတွေဖြူဖွေးပြီး အမြဲတမ်းသန့်နေမှာပါ။ ဖိနပ်သဲကြိုးရာတွေလည်း ပျောက်သွားပါလိမ့်မယ်။