တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးမှာ တီထွင်ဖန်တီးမှုတွေကို ဝါသနာပါတဲ့သူတွေအနေနဲ့ အင်တာနက်ကိုအသုံးပြုပြီး ဝင်ငွေရှာလာကြပါတယ်။ စာဖတ်သူတွေလည်း အင်တာနက်ကိုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းတစ်ခု စတင်ချင်တယ်ဆိုရင် အခုပြောမယ့်အချက်လေးတွေကိုတော့ သိထားဖို့လိုမှာပါ။

(၁) Business Plan တစ်ခုရှိရမယ်

အွန်လိုင်းစီးပွားရေးတစ်ခု မစတင်မီ သင့်လျော်တဲ့ Business Plan တစ်ခုကို မဖြစ်မနေစဉ်းစားရပါမယ်။ ကိုယ်လုပ်မယ့် လုပ်ငန်းနဲ့ပတ်ပြီး အစီစဉ်ချခြင်းဟာ လုပ်ငန်းအောင်မြင်ဖို့အတွက် အဓိက အရေးပါပါတယ်။ သင်လုပ်ကိုင်မယ့် လုပ်ငန်းအစီစဉ်ကဘာလဲ ၊ ဘယ်လို Idea တွေနဲ့ သွားမလဲ စသည်ဖြင့်တိကျတဲ့ Business Plan တစ်ခုရှိရမှာပါ။

(၂) စျေးကွက်ကို နားလည်ရမယ်

မည်သည့်လုပ်ငန်းမဆို အောင်မြင်တဲ့လုပ်ငန်းဖြစ်ဖို့ ဈေးကွက်ချဲ့ထွင်ခြင်းနဲ့ အရောင်းပိုင်းနားလည်တက်ကျွမ်းဖို့က များစွာအရေးကြီးပါတယ်။ ကိုယ့်ကုန်ပစ္စည်းကို ဝယ်ယူမယ့် customer တွေကိုသေချာ အာရုံစိုက်ပြီး customer တွေရဲ့ အသက်အပိုင်းအခြားနှင့် စိတ်နေစိတ်ထားတွေကိုလေ့လာဖို့ လိုမှာပါ။ နောက်ပြီး ကိုယ်နဲ့အလားတူ စီးပွားရေးလုပ်ငန်းများရဲ့ လုပ်ငန်းလည်ပတ်ပုံတွေကို လေ့လာပြီး ဈေးကွက်သဘောတရားကို ကောင်းစွာသိနားလည်ထားဖို့ လိုအပ်ပါတယ်။

(၃) ဝန်ဆောင်မှုကောင်းရမယ်

အွန်လိုင်းစီးပွားရေးလုပ်မယ်ဆိုရင် customer တွေရဲ့ လိုအပ်ချက်ကို သိထားဖို့လိုပြီး ဝန်ဆောင်မှုကောင်းကောင်း ပေးနိုင်ဖို့ကိုလည်း ထည့်စဉ်းစားရပါမယ်။ အွန်လိုင်းပေါ်ကဖြစ်တဲ့အတွက် လုပ်ငန်းအပေါ် အချိန်အနည်းငယ်ပိုပေးဖို့လိုအပ်ပြီး Customer ရဲ့ လိုအပ်ချက်တွေကို တုန့်ပြန်မှုကောင်းကောင်းရှိဖို့ လိုအပ်ပါတယ်။

ဥပမာ Customer မေးမြန်းလာတဲ့ မေးခွန်းတွေကို အချိန်မဆွဲပဲ ချက်ချင်း တုန့်ပြန်ဖြေကြားပေးတာမျိုး လုပ်ပေးတာပါ။ ဒီလိုစိတ်ကျေနပ်စေမယ့် ဝန်ဆောင်မှုမျိုး ကောင်းကောင်းပေးခြင်းက လုပ်ငန်းအောင်မြင်ဖို့အတွက် အခြေခံအချက်တစ်ခုဖြစ်ပြီး ရေရှည်လက်တွဲမယ့် ဖောက်သည်များ ရလာနိုင်မှာဖြစ်ပါတယ်။

(၄) ထုတ်ကုန်အရည်အသွေးကို ဦးစားပေးပါ

ကိုယ်ရောင်းချမယ့် ထုတ်ကုန်ဟာ အရည်အသွေးကောင်းမွန်တဲ့ကုန်ပစ္စည်းဖြစ်ဖို့ကို ဦးစားပေးရမှာဖြဟ်ပြီး ပစ္စည်း quality ကိုလည်း အမြဲဆန်းစစ်နေဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင် ထုတ်လုပ်ရောင်းမယ့် ကုန်ပစ္စည်းလား ၊ တဆင့်ပြန်ယူရောင်းချမယ့် ပစ္စည်းလားဆိုတာ သေချာစဉ်းစားပါ။ ကိုယ်တိုင်ထုတ်လုပ်မယ့်ပစ္စည်းဆိုရင် ပစ္စည်း quality ကိုရေရှည်ထိန်းထားဖို့လိုအပ်ပြီး တဆင့်ပြန်ယူမယ့် ပစ္စည်းဆိုရင်လည်း quality ကောင်းပြီး မှန်ကန်တဲ့ ထုတ်ကုန်ပစ္စည်းဖြစ်ဖို့ သေချာရွေးချယ်ရပါလိမ့်မယ်။