တကယ်တော့ အောင်မြင်မှုဆိုတာ ဘဝရဲ့ ပျော်ရွှင်မှု၊ ပြည့်စုံမှု၊ ဘေးကင်းမှုနဲ့ ကျန်းမာပျော်ရွှင်မှုအခြေအနေမှာရှိတဲ့ အနေအထားတစ်ခုဖြစ်ပြီးတော့ ဒါတွေကို ဘဝရဲ့ ရည်မှန်းချက်အနေနဲ့ ပြီးမြောက်အောင် လုပ်ဆောင်နေတာပါ။

လူတိုင်းက အောင်မြင်မှုကို လိုချင်ကြပေမယ့် တကယ်ရဖို့ဆိုရင်တော့ သိသင့်တဲ့အချက်တွေ ရှိပါတယ်။ ဒီတစ်ခါမှာတော့ အောင်မြင်မှုနဲ့ ပတ်သက်ပြီး ကြားဖူးနေကြမဟုတ်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) အောင်မြင်တယ်ဆိုတာ မွေးရာပါအရည်အချင်းမဟုတ်ဘူး

ကမ္ဘာပေါ်မှာ အောင်မြင်သူတိုင်းဟာ မွေးရာပါအရည်အချင်းရှိတဲ့ ပါရမီရှင်တွေမဟုတ်ကြပါဘူး။ အောင်မြင်မှုဆိုတာ ကိုယ့်ရဲ့အရည်အချင်းပေါ်မှာပဲ လုံးဝမူတည်တာ မဟုတ်ပါဘူး။ ကျွမ်းကျင်မှု၊ ဇွဲလုံလနဲ့ ကြိုးစားမှုတွေအပေါ်မှာ မူတည်ပါတယ်။ ပါရမီဆိုတာ ဘုရားသခင်ထံက လက်ဆောင်တစ်ခုထက် မပိုပါဘူး။ ရှိထားတဲ့ ပါရမီကို အရည်အချင်းဖြစ်လာဖို့ ကိုယ်တိုင်ကြိုးစားယူမှသာ အောင်မြင်မှုကိုရနိုင်မှာပါ။

(၂) စူးစမ်းလိုစိတ်နဲ့ စိတ်ဝင်စားမှုတွေဟာ အသိပညာနဲ့ နာခံမှုထက် ပိုအရေးကြီးတယ်

စူးစမ်းလိုစိတ်ဟာ မေးခွန်းများမေးရန်၊ စူးစမ်းရန်၊ လေ့လာရန်နဲ့ သုတေသနပြုရန် တွန်းအားပေးတဲ့ မွေးရာပါ လူ့အရည်အသွေးတစ်ခုပါ။ ကမ္ဘာပေါ်မှာ ကြီးကျယ်ခမ်းနားတဲ့ တီထွင်မှုအားလုံးက လူသားတွေရဲ့ စူးစမ်းလိုစိတ်ကြောင့်ပဲ ဖြစ်ပါတယ်။

“သိချင်စိတ်က အောင်မြင်မှုရဲ့ အင်ဂျင်ပါဝါပဲ” ဆိုတဲ့ စကားရှိပါတယ်။ ဒါ့ကြောင့် စူးစမ်းလေ့လာလိုစိတ်ရှိတယ်ဆိုရင် သင်ယူလေ့လာနေတဲ့လုပ်ငန်းစဉ်ကို အထောက်အကူဖြစ်စေတဲ့အတွက် အောင်မြင်မှုအမြန်ရနိုင်ပါတယ်။

(၃) အောင်မြင်မှုဆိုတာ အသက်အရွယ်ထက် အလုပ်လုပ်နိုင်စွမ်းနဲ့ ဆက်စပ်ပါတယ်

လူတစ်ယောက် အောင်မြင်ဖို့ဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးလို့ ပြောတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အောင်မြင်ဖို့အတွက် အလုပ်လုပ်နိုင်စွမ်းနဲ့ပဲဆိုင်တာပါ အသက်အရွယ်က အရေးမကြီးပါဘူး။ အလုပ်ပိုလုပ်နိုင်လေ ပိုအောင်မြင်လေပါပဲ။

တိုးတက်အောင်မြင်သူတိုင်းက သူတို့မှာရှိတဲ့ အရင်းအမြစ်တွေ အချိန်နဲ့အခွင့်အလမ်းတွေကို သာမန်လူတွေထက် ပိုမိုပညာရှိရှိ အသုံးပြုတတ်ကြပါတယ်။ အလုပ်လုပ်နိုင်စွမ်းက လူတစ်ဦးရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ ဒါမှ ဝင်ငွေပိုမြင့်လာပြီး လူနေမှုအဆင့်အတန်းလဲ မြင့်မားလာမှာပါ။

(၄) ကျန်းမာခြင်းဟာ အောင်မြင်မှုရဲ့သော့ချက်ဖြစ်တယ်

လူတွေအားလုံးမှာ အောင်မြင်မှုနဲ့ပတ်သတ်လို့ အိမ်မက်တွေ၊ ကိုယ်ပိုင်အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ ရှိတတ်ကြပါတယ်။ ဘယ်လိုပဲ အိပ်မက်တွေနဲ့ ပန်းတိုင်တွေရှိပါစေ ကျန်းမာတဲ့ခန္ဓာနဲ့ စိတ်က အမှန်တကယ် အောင်မြင်တဲ့ဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ကျန်းမာရေးကောင်းမွန်တဲ့အခါ ၊ ကိုယ်အနှစ်သက်ဆုံးအရာတွေကို လုပ်ဆောင်ဖို့နဲ့ တာဝန်တွေကို ထမ်းဆောင်ဖို့ စွမ်းရည်နဲ့ ခွန်အားတွေ ရှိနေပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ကတော့ အစာအလွန်အကျွံစားတာနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ ပျက်ကွက်တာ၊ အလွန်အကျွံအိပ်စက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်ခြင်းစတဲ့ အကျင့်ဆိုးတွေကတော့ ဘဝမှာလိုချင်တဲ့ ရလဒ်တွေရနိုင်ဖို့ ခက်ခဲစေမှာဖြစ်ပါတယ်။