လူတိုင်းနီးပါး မနက်အိပ်ယာထပြီဆိုတာနဲ့ မျက်နှာနဲ့ ခံတွင်းသန့်ရှင်းရေး လုပ်ကြလေ့ရှိပါတယ်။ တစ်ချို့လူတွေကတော့ တစ်နေကုန် မျက်နှာမသစ်ဘဲ နေကြလေ့ရှိတယ်။ လူတွေက မနက်ခင်း မျက်နှာတစ်ခါသစ်ပြီးသွားရင် လုံလောက်သွားပြီလို့ ယူဆလေ့ရှိကြပါတယ်။ အမှန်တော့ တစ်နေကုန် လှုပ်ရှားသွားလာနေရတာကြောင့် မျက်နှာမှာ မမြင်ရတဲ့ ဖုန်မှုန့်တွေ ကပ်ညှိနေတက်ပါတယ်။ ဒါကြောင့် ညဘက် အိပ်ယာမဝင်ခင်မှာလည်း မျက်နှာကို ကောင်းမွန်စွာသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်။

(၁) မကြာခဏ မျက်နှာသစ်ခြင်း

Photo : Daily Mirror

ပုံမှန်အားဖြင့် တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် မျက်နှာသစ်ပေးရင် လုံလောက်ပါတယ်။ တစ်ချို့လူတွေက အသန့်လွန်သွားပြီး မကြာခဏမျက်နှာသစ်လေ့ရှိကြတယ်။ ဒီလိုလုပ်ခြင်းဟာ မျက်နှာအရေပြားကို ထိခိုက်စေတဲ့အပြင် မျက်နှာကို ပိုလို့တောင် အဆီပြန်စေပါမယ်။ နေ့ခင်းဘက်မှာ အပြင်လည်းမထွက်ရဘူး ချွေးလည်းမထွက်ထားဘူးဆိုရင် ညဘက်ကို မျက်နှာသစ်ဆေးမသုံးတော့ဘဲနဲ့ ရေခပ်နွေးနွေး လေးနဲ့ပဲ မျက်နှာသစ်ပေးပါ။

(၂) အလွန်အမင်းမျက်နှာ ဂျီးချွတ်ခြင်း

Photo : The Skin Surgery Centre

မျက်နှာဂျီးချွတ်တယ်ဆိုတာ မျက်နှာအရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားခွာချပစ်တာဖြစ်လို့ အရေပြားကျန်းမာရေးအတွက် ကောင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆို့တဲ့အတိုင်း မျက်နှာကို အလွန်အမင်း ဂျီးချွတ်ခြင်းက အရေပြားတွေ ထိခိုက်ပျက်စီးစေပါတယ်။ တပတ်မှာအများဆုံး နှစ်ခါကနေ သုံးခါအထိ မျက်နှာကို ဂျီးချွတ်ပေးနိုင်ပါတယ်။ ဒီလို ဂျီးချွတ်တဲ့နေရာမှာလည်း တာဝါစသုံးမယ့်အစား သင့်လက်ချောင်းလေးတွေကိုသာ သုံးခြင်းအားဖြင့် အရေပြားကို အလွန်အကျွံဆွဲမိတာ၊ ထိခိုက်မိတာတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။

(၃) မျက်နှာကိုပဝါဖြင့် ပွတ်ခြင်း

Photo : RobeMart

မျက်နှာသစ်ပြီး သဘက်နဲ့ အားပါးတရ ပွတ်လိုက်ရတာဟာ အရေပြားကို ခပ်ကြမ်းကြမ်းဆွဲဆောင့်နေသလို ဖြစ်စေတာကြောင့် အသားအရေ တွန့်စေ နိုင်ပါတယ်။ ဒါကြောင့် မျက်နှာကို တဘက်ဖြင့် ခပ်ဖွဖွတို့ပါ။ မပွတ်ပါနဲ့။ ပြီးတော့ သတိထားရမှာက တွေ့ကရာပဝါ အဝတ်စတို့ဖြင့် မျက်နှာကို လျှောက်မသုတ်ပါနဲ့။ သင့်မျက်နှာမှာ အပြစ်အနာအဆာတွေ မရှိစေချင်ဖူးဆိုရင်၊ အရေပြားပိုးမကူး စေချင်ဖူးဆိုရင် တခြားသူတွေရဲ့ မျက်နှာသုတ်ပုဝါနဲ့ အတူတူမျှ မသုံးသင့်ပါဘူး။

(၄) မျက်နှာသစ်ရာတွင် ရေကိုလုံလောက်အောင်မသုံးခြင်း

Photo : The Stylish Mommy

မျက်နှာကို ရေနဲ့သေသေချာချာ အချိန်ပေးပြီး မဆေးခြင်းအားဖြင့် အရေပြားပေါ်မှာ အညစ်အကြေးတွေစုပုံလာပြီး ချွေးပေါက်တွေကိုပိတ်ဆို့စေကာ အသားအရည် ခြောက်သွေ့စေနိုင်ပါတယ်။ ဒါ့ကြောင့် မနက်ပိုင်း အိမ်ကမထွက်ခင် အလျင်လိုနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ညဘက်အိမ်ပြန်ရောက်လို့ အရမ်းပင်ပန်းနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ အချိန်ပေးပြီး မျက်နှာကို ရေနဲ့သေသေချာချာ ဆေးသင့်ပါတယ်။ မေးစေ့၊ဆံစပ် နဲ့ နှာခေါင်းနေရာတို့ဟာ အများအားဖြင့် သေသေချာချာ မသစ်ဖြစ်တဲ့ နေရာတွေဖြစ်လို့ အဲ့ဒီ့နေရာတွေကိုလည်း ဂရုစိုက်ပြီး မျက်နှာသစ်ပေးသင့်ပါတယ်။