တစ်ခါတစ်လေကျရင် ကိုယ့်ကိုယ်ကိုစိတ်ဓာတ်ကျလာအောင် သင်ကိုယ်တိုင်ပဲ လုပ်နေမိတဲ့အရာလေးတွေ ရှိပါတယ်။ ကိုယ်တိုင်လုပ်မိနေတဲ့အရာတွေကိုသိသွားရင် နောက်ထပ်မဖြစ်အောင် ဆင်ခြင်ပြီး ပြင်ဆင်လို့ရသွားမှာပါ။

ဒါတွေကိုငါလုပ်နိုင်မှာမဟုတ်ဘူး၊ ငါလုပ်ရင် ဖြစ်မှာလည်းမဟုတ်ဘူးဆိုတဲ့ အတွေးတွေက ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျအောင်၊ သိမ်ငယ်လာအောင်၊ ဝမ်းနည်းလာအောင် လုပ်နေတဲ့ အရာတွေပါ။ ဒီလိုတွေတွေးနေသရွေ့ကတော့ ဘာမှဖြစ်မြောက်လာမှာ မဟုတ်ပါဘူး။

တစ်ခါလေးမှားသွားတာနဲ့၊ တစ်ခါလေးကျရှုံးသွားတာနဲ့ ဝမ်းနည်းပူဆွေးပြီး နောက်တစ်ကြိမ်ထပ်ကြိုးစားဖို့ကို လက်လျော့လိုက်တာ၊ မှားသွားလည်း နောက်တစ်ခါမဖြစ်အောင် ဆင်ခြင်ပြီး ပြန်တည်ဆောက်လို့ရတယ်ဆိုတဲ့ စိတ်မျိုးမထားပဲ ငါမှားသွားပြီဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာမျိုးတွေက သင့်ကိုပိုပြီး စိတ်ဓာတ်ကျသွားစေပါတယ်။

ကိုယ့်မှာရှိတဲ့အားသာချက်ကိုမမြင်ပဲ အားနည်းချက်တွေကိုပဲ ရွေးမြင်နေတာ၊ ကိုယ့်ကိုယ်ကို နှိမ့်ချတွေးလွန်းတာ၊ ကိုယ့်ကိုယ်ကို အထင်မကြီးတာမျိုးတွေကြောင့်လည်း ပိုပြီးစိတ်ဓာတ်ကျလာပါတယ်။ ဒါတွေဟာ ကိုယ်ရဲ့ကြိုးစားချင်စိတ်၊ ဖြစ်မြောက်ချင်စိတ်တွေကို ကိုယ်တိုင်ပဲရိုက်ချိုးပြီး စိတ်ဓာတ်ကျအောင်လုပ်နေတဲ့ အရာတွေပါ။

ကိုယ့်ကိုယ်ကို ဘယ်လိုကောင်းအောင်၊ တိုးတက်အောင်ကြိုးစားမယ်ဆိုတဲ့ စိတ်မျိုးမထားပဲ၊ သူများကိုပဲ အရမ်းအားကျပြီး အထင်ကြီးလွန်းတာတွေကလည်း ကိုယ့်ကိုယ်ကို ပိုပြီးသိမ်ငယ်စေတယ်၊ ပိုပြီး စိတ်ဓာတ်ကျလာစေပါတယ်။

ဒါကြောင့် ကိုယ့်ဖြစ်တည်မှုက ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ ကိုယ့်ကိုယ်ကိုချစ်ပါ။ တန်ဖိုးထားပါ။ ယုံကြည်မှုထားပါ။ ဘယ်အရာမဆို ငါလုပ်နိုင်တယ်၊ ကြိုးစားရင်ဖြစ်နိုင်တယ်ဆိုတဲ့ စိတ်မျိုးထားပါ။ သူများကိုမကြည့်ပဲ ကိုယ့်ကိုယ်ကိုပဲ ဘယ်လိုတိုးတက်ကောင်းမွန်လာအောင် လုပ်ရမလဲကိုပဲ တွေးပါ။

Photo Source: www.freepik.com