အရာရာအတွက် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ရှိနေခြင်းဟာ ဆွဲဆောင်မှုကို လျော့ကျစေတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။ မိမိပြုလုပ်မိတဲ့အမှားကြောင့် တောင်းပန်ခြင်းဟာ ကောင်းမွန်တဲ့အလေ့အထတစ်ခုပါ။

ဒါပေမဲ့ အရာရာတိုင်းအတွက် အမြဲတမ်းတောင်းပန်နေဖို့ မလိုအပ်ပါဘူး။ ဒီလိုမျိုး အရာရာတိုင်းအတွက် အမြဲတမ်းတောင်းပန်ခြင်းက သင့်ရဲ့တန်ဖိုးကို လျော့ကျစေပြီး သင်ဟာ အားနည်းတဲ့လူတစ်ယောက်ပါလားလို့ အထင်ခံရစေပါတယ်။

ဒါ့ကြောင့် အခုဖော်ပြပေးမယ့်အရာတွေနဲ့ ပတ်သက်လာရင် (လုံးဝ) တောင်းပန်စရာမလိုအပ်ပါဘူး။

မိမိနဲ့ အမြင်နဲ့ ပတ်သက်ပြီး

လူတိုင်းမှာ ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင် ခံယူချက်အသီးသီး ရှိကြပါတယ်။ သင့်ရဲ့ကိုယ်ပိုင်အမြင်ကို ဖော်ထုတ်တဲ့အခါ တပါးသူကို မထိခိုက်ဘဲ ယဉ်ယဉ်ကျေးကျေး ထုတ်ဖော်ပြောဆိုနေသ၍ တောင်းပန်စရာမလိုအပ်ပါဘူး။

ကိုယ် ကြီးပြင်းလာတဲ့နေရာဒေသနဲ့ ပတ်သက်ပြီး

သင့်ရဲ့မိဘကို သင် ကိုယ်တိုင်ရွေးချယ်လို့မရသလို မိမိ မွေးဖွားရာနေရာဒေသကိုလည်း ရွေးချယ်လို့မရပါဘူး။ ကိုယ့်အသားအရေကို ဖြူခြင်း၊ ညိုခြင်းကိုလည်း ပြောင်းလဲလို့မရသလို ကိုယ့်ရဲ့စိတ်နေစိတ်ထားကိုလည်း ပြောင်းလဲလို့မရပါဘူး။ ထိုအရာတွေအတွက် တောင်းပန်စရာမလိုအပ်ပါဘူး။

အမှန်တရား ပြောဆိုခြင်းကြောင့်

ဒီနေရာမှာ ပြောချင်တဲ့အမှန်တရားဟာ သင့်ရဲ့ကိုယ်ကျင့်တရားနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ အမှန်တရားမျိုးပါ။ တခါတရံမှာ အမှန်တရားက ခါးသီးနိုင်ပါတယ်။ ဒါပေမဲ့ ထိုအမှန်တရားကို ကွယ်ဝှက်ပြီးတော့ လိမ်ညာပြောဆိုလိုက်မယ်ဆိုရင် သင်ပဲ စိတ်ဆင်းရဲနေရမှာပါ။

ကိုယ် ချစ်တဲ့သူနဲ့ ပတ်သက်ပြီး

သင့်ချစ်သူနဲ့ သင့်ကို အိမ်က သဘောမတူတာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် သင်က LGBT ပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ သင့် နှလုံးသား စေညွှန်တဲ့အတိုင်း သင် ပျော်ရွှင်ဖို့အတွက်သာ ပြုလုပ်ပါ။ သင့်ဘဝကို သင် ကိုယ်တိုင်ဆုံးဖြတ်ရမှာပါ။ ဒါပေမဲ့ ကိုယ့်ဆုံးဖြတ်ချက်ကိုတော့ တာဝန်ယူရဲတဲ့ သတ္တိရှိရပါတယ်။

မိမိကိုယ်ကို ဂရုစိုက်ခြင်းကြောင့်

သင် ကိုယ်တိုင် ပျော်ရွှင်မှသာ အခြားသူတွေကိုလည်း ပျော်ရွှင်အောင် ကူညီပေးနိုင်မှာပါ။ သင် ကိုယ်တိုင် ကျန်းမာနေမှသာ သင် ချစ်ရတဲ့သူတွေကို ကျန်းမာအောင် ဂရုစိုက်နိုင်မှာပါ။ ဒါ့ကြောင့် မိမိကိုယ်ကို ဂရုစိုက်ဖို့လည်း လိုအပ်ပါတယ်။ နားချိန်တန် နားပါ။ အချိန်မှန်မှန် အစား စားပါ။ အိပ်ရေး ဝဝ အိပ်စက်ပါ။