တစ်ခါတစ်လေကျရင် ကိုယ်ပြုလုပ်မိနေတဲ့အရာတွေက ကိုယ့်ရဲ့ relationship ကို ထိခိုက်ပျက်စီးစေတာမျိုး ဖြစ်နေတတ်ပါတယ်။ ကိုယ်မထင်ထားတဲ့ အသေးအမွှားလေးတွေကနေ ပြဿနာအကြီးကြီး ဖြစ်လာနိုင်ပါတယ်။ သာယာပျော်ရွှင်တဲ့ relationship ကို လိုချင်တယ်ဆိုရင်တော့ အမှားတွေလုပ်နေမိရင် ဆင်ခြင်ရမှာပါပဲ။ ဒါကြောင့် သင့်ရဲ့လက်ရှိ relationship ကိုထိခိုက်အောင် သင်ကိုယ်တိုင် ပြုလုပ်မိနေတဲ့ အရာတွေကို ပြောပြပေးလိုက်ပါတယ်။

စိတ်တိုင်းမကျတာတွေများနေခြင်း

ကိုယ့်ကိုယ်ကိုစိတ်တိုင်းမကျဖြစ်လိုက်၊ ကိုယ့်ချစ်သူကို စိတ်တိုင်းမကျဖြစ်လိုက်နဲ့ အပြစ်တင်ဝေဖန်နေရင်တော့ ဘယ်တော့မှ သာယာပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ဒါတွေကို ပါးစပ်ကသာထုတ်ပြေမိရင် ခဏခဏဆို ကိုယ့်ကို ငြီးငွေ့ပြီး စိတ်ပျက်သွားပါလိမ့်မယ်။

အမြဲအပြစ်တင်ဝေဖန်နေခြင်း

ကိုယ့်ချစ်သူကို အမြဲဝေဖန်တာမျိုး။ စကားပြောလိုက်တိုင်းမှာ တစ်ဖက်လူစိတ်ညစ်အောင် ပြောတာမျိုး။ တစ်ခုခုလုပ်လိုက်တိုင်းမှာ အမြဲမကောင်းပြောပြီး အပြစ်တင်ဝေဖန်တာမျိုးတွေ ခဏခဏလုပ်နေရင် ဘယ်လောက်ပဲ သည်းခံနိုင်တဲ့သူပဲဖြစ်ဖြစ် ကြာလာရင် စိတ်ကုန်လာမှာပါ။

အရင်ကအကြောင်းအရာတွေကိုပြန်ပြောခြင်း

ပြဿနာတွေဖြစ်လည်း အရင်ကဖြစ်ခဲ့တာတွေကိုပါ ပြန်ဆွဲထည့်ပြီး ပြောနေတာမျိုး၊ ကြည်နူးနေတဲ့အချိန်မှာတောင် အရင်က အပြစ်တွေ၊ အမှားတွေ၊ စိတ်ဆိုးစရာတွေကို ထပြောတာမျိုးတွေ အမြဲလုပ်နေရင်တော့ ဒီ relationship က ခဏလေးနဲ့ ပျက်စီးသွားမှာပါ။

တစ်ခြားသူနဲ့နှိုင်းယှဉ်ခြင်း

ကိုယ့်ကို သူများနဲ့နှိုင်းယှဉ်ရင်လည်း ကြိုက်မှာမဟုတ်ပါဘူး။ ဒီတော့ သူများကို တခြားသူနဲ့ လိုက်နှိုင်းယှဉ်တာမျိုး၊ ခနဲ့တာမျိုးတွေ မလုပ်ပါနဲ့။ ဒီအပြုအမူတွေက ကြာလာရင် အချစ်ရေးကို ထိခိုက်လာမှာပါ။

Control လုပ်ချင်စိတ်များနေခြင်း

ချစ်သူဖြစ်တာနဲ့ သူ့ကိုငါပိုင်တာပဲဆိုပြီး အရာရာကို control လုပ်ချင်လို့မရပါဘူး။ ကိုယ့်စိတ်တိုင်းကျလုပ်ခိုင်းပြီး လိုက်ချုပ်ချယ်နေလို့လည်း မရပါဘူး။ ဒါတွေက တစ်ဖက်လူအတွက် စိတ်ပျက်စေတဲ့၊ မွန်းကြပ်လာစေတဲ့ အရာတွေပါ။ Toxic ဆန်တဲ့ relationship လည်း ဖြစ်ပါတယ်။