ဒိန်ချဉ်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးတဲ့အတွက်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် လူကြိုက်များသော အစားအစာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဒိန်ချဉ်ကို ကျန်းမာရေးအတွက်သာမက အသားအရေအလှအပအတွက်လည်း အသုံးတည့်ပါတယ်။

အသားအရေ ဝင်းလက်တောက်ပဖို့အတွက်သာမက မျက်ကွင်းညိုနေသူများ၊ အသားအရေတွန့်ကာ အိုမင်းရင့်ရော်နေသူများအတွက်လည်း ဒိန်ချဉ်က အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။

ဒိန်ချဉ်နှင့် ပျားရည်

ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်းခန့်ကို ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် လည်ပင်းနှင့် မျက်နှာတစ်ဝိုက်တွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၂၀ ကြာမှ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပေါင်းတင်ပေးရင်ရပါပြီ။

စတော်ဘယ်ရီနှင့် ဒိန်ချဉ်

လတ်ဆတ်သော စတော်ဘယ်ရီ ၂ လုံးနှင့် ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဘရက်ရှ်တစ်ချောင်းသုံးပြီး မျက်နှာတစ်ဝိုက် သုတ်လိမ်းပေးလိုက်ပါ။ ခြောက်အောင် ထားပြီးတဲ့အခါမှာတော့ ရေအေးအေးဖြင့် မျက်နှာသစ်လိုက်ပါ။

တစ်ပတ်လျှင် တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် ပေါင်းတင်ပေးနိုင်ပါတယ်။

နနွင်းမှုန့်နှင့် ဒိန်ချဉ်

နနွင်းမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်းကို ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်းနှင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် လိမ်းကျံပေးလိုက်ပါ။ မိနစ် ၂၀၊ မိနစ် ၃၀ ခန့်ာကာမှ ရေနွေးနွေးဖြင့် မျက်နှာသစ်ပေးလိုက်ပါ။

ဒီပေါင်းတင်နည်းကိုတော့ တစ်ပတ်လျှင် တစ်ကြိမ်ခန့်ဆို လုံလောက်ပါပြီ။

ထောပတ်သီးနှင့် ဒိန်ချဉ်

ထောပတ်သီးကတော့ သဘာဝ ရေဓာတ်ဖြည့်ခရင်မ်ပါပဲ။ ထောပတ်သီး စားပွဲတင်ဇွန်း ၆ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၆ ဇွန်းနှင့် ရှားစောင်းလက်ပတ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာနှင့် လည်ပင်းတစ်ဝိုက်တွင် လိမ်းကျံပေးလိုက်ပါ။ မိနစ် ၂၀၊ ၂၅ မိနစ်ခန့် ပေါင်းတင်ပေးပြီးတဲ့နောက်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။

ဒီပေါင်းတင်နည်းကိုလည်း တစ်ပတ်လျှင် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါတယ်။