မင်္ဂလာပါ ပျိုမေတို့ရေ။ မနက်စောစောထဖို့ဆိုတာက အခုခေတ်လူငယ်တွေအတွက်တော့ လွယ်ကူတဲ့ကိစ္စတစ်ခုမဟုတ်ပါဘူးနော်။ ဒါပေမယ့်လည်း တစ်နေ့တာလုံးမှာ နိုးနိုးကြားကြားအရှိဆုံးအချိန်က မနက်ခင်းဖြစ်ပြီးတော့ ဒီအချိန်မှာအားစိုက်ထုတ်ပြီး လုပ်သမျှအရာတိုင်းက ဖြစ်မြောက် နိုင်ခြေအများဆုံးဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကျန်းမာရေးအတွက်ရော ကိုယ်ခန္ဓာအလှအပအတွက်ပါ အဖက်ဖက်က အကျိုးပြုတဲ့ ယောဂလေ့ကျင့်ခန်းလေးတွေလုပ်ပြီးတော့ တစ်နေ့တာကို အစပြုကြည့်လိုက်ပါလားလို့ အကြံပြုချင်ပါတယ်။

ယောဂလေ့ကျင့်ခန်းတွေဟာ ကိုယ်ခန္ဓာအကြောအချင်ကို ပြေစေရုံသာမက လူကိုလန်းဆန်းစေတဲ့အတွက်ကြောင့် အားအင်ကိုလည်းတိုးစေကာ စိတ်ဖိစီးမှု၊ စိုးရိမ်ကြောင့်ကြမှုတွေကို လျော့ကျစေပါတယ်။ ဒါကြောင့် ယောဂလုပ်ခြင်းရဲ့ အကျိုးကျေးဇူးလေးတွေကို မှတ်ထားပြီးတော့ တစ်နေ့တာကို လေ့ကျင့်ခန်းလေးတွေလုပ်ရင်းနဲ့ အစပျိုးလိုက်ရအောင်။

Child’s Pose

ယောဂဖျာကိုခင်းထားပြီးတော့ လေးဖက်ထောက်ထားပါ။ ဒူးနှစ်ဖက်ကိုချဲထားပြီးတော့ ခြေမနှစ်ချောင်းကိုထိထားပေးပါ။ ပြီးရင် တင်ကိုအနောက်ကိုပစ်လိုက်ပြီး ဝမ်းဗိုက်ကိုပေါင်သားနဲ့ထိလိုက်ပါ။ နဖူးက ကြမ်းပြင်နဲ့ထိနေရပါမယ်။ လက်နှစ်ဖက်ကိုအရှေ့မှာတန်းတန်းထားပြီးတော့ ကြမ်းပြင်နဲ့လက်ဖဝါးနဲ့ထိထားပေးပါ။ အသက်ရှူသွင်း၊ရှူထုတ်လုပ်ပေးပါ။

Happy Baby

ယောဂဖျာပေါ်မှာပက်လက်လှန်နေပေးပါ။ ဒူးကိုဝမ်းဗိုက်နားထိရောက်အောင် ကွေးလိုက်ပြီးတော့ ခြေဖဝါးထိပ်ကိုကိုင်ထားပေးပါ။ အသက်ရှူသွင်း ရှူထုတ်လုပ်ရင်းနဲ့ ခြေထောက်နှစ်ဖက်ကို ဒူးကွေးပုံစံအတိုင်းပဲ ဘေးနှစ်ဖက်ကို ချဲလိုက်၊ ပြန်စုလိုက်လုပ်ပေးပါ။

Cat-Cow

ကြမ်းပြင်ပေါ်မှာ လေးဖက်ထောက်ပုံစံနေပြီးတော့ အသက်ရှူလိုက်ချိန်မှာ ဝမ်းဗိုက်ကကြွက်သားတွေကိုကျုံ့လိုက်ပါ။ ခါးကိုကော့ပြီးတော့ အပေါ်ကိုမော့ကြည့်ချိန်မှာ အသက်ကိုရှူထုတ်လိုက်ပါ။ ၁၀ စက္ကန့်လောက်တောင့်ခံပြီးတော့မှ ခေါင်းပြန်ငုံ့ပေးပါ။

Cobra

ခြေထောက်နှစ်ချောင်းကို ပုခုံးအကျယ်လောက်ချဲထားပြီး ကြမ်းပြင်ကိုမျက်နှာပေးကာ လှဲပါ။ ခြေချောင်းတွေကတော့ ကြမ်းပြင်နဲ့ထိနေရပါမယ်။ လက်နှစ်ဖက်ကိုဘေးတစ်ဖက်စီမှာထားပြီးတော့ ပုံမှာပြထားတဲ့အတိုင်း အားပြုထောက်ကာ အပေါ်ခန္ဓာကိုယ်ကို ပင့်တင်လိုက်ပါ။ ထိုပုံစံအတိုင်း စက္ကန့် ၃၀ လောက်တောင့်ခံပြီးနေပေးပါ။

Chair

ခြေနှစ်ချောင်းကိုပူးထားပြီးတော့ မတ်မတ်နေပါ။ အသက်ကိုရှူသွင်းလိုက်ပြီး လက်နှစ်ဖက်ကို အပေါ်သို့တန်းတန်းဆန့်လိုက်ပါ။ အသက်ပြန်ရှူထုတ်ချိန်မှာ ထိုင်ခုံမှာထိုင်သလိုမျိုး ဒူးကိုကွေးလိုက်ပါ။