ဒီဘက်ခေတ်မှာ ကိုယ်ကာယကျန်းမာရေးကို အလေးထားကြတာနဲ့အမျှ ချစ်သူစုံတွဲတွေကြားမှာ Fitness Dating ပြုလုပ်ခြင်းတွေ ရေပန်းစားလို့လာပါတယ်။ ချစ်သူနှစ်ဦးအတူတူ အားကစားပြုလုပ်တာဟာ ခန္ဓာကိုယ်ဘော်ဒီ ကျန်းမာကြံ့ခိုင်စေရုံသာမက ချစ်သူနှစ်ဦးကြားက ချစ်ခြင်းမေတ္တာတွေလည်း တိုးပွားလာစေနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ Gym မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် ချစ်သူနှစ်ဦး လွယ်လွယ်ကူကူပြုလုပ်လို့ရမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို မျှဝေပေးချင်ပါတယ်။ အကယ်၍ စာဖတ်သူက ချစ်သူမရှိသေးတဲ့ စင်ဂယ်လေးဆိုလည်းစိတ်ဓာတ်မကျပါနဲ့။

ဒီလေ့ကျင့်ခန်းတွေကို ကိုယ့်ရဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ယောက်ယောက်နဲ့ အတူတူပြုလုပ်လို့ရပါတယ်နော်။

(၁) Breathing Together

အကောင်းဆုံးယောဂလေ့ကျင့်ခန်းကို အသက်ရှုခြင်းနဲ့ စတင်ရပါတယ်။ အရင်ဆုံးကိုယ်နဲ့ ကိုယ့်ရဲ့အဖော်တို့ ကျောခင်းကပ်လျက်အနေအထား ထိုင်လျက်ပုံစံယူပေးရပါမယ်။ ပြီးရင်တော့ မျက်လုံးတို့ကို မှိတ်ထားပြီး စိတ်တံခါးတွေအားလုံးဖွင့်ထားကာ အသက်ကိုဖြေးဖြေးချင်း ရှုသွင်းရှုထုတ်လုပ်ပေးရပါမယ်။ ထိုနည်းအတိုင်း (၃ – ၅) မိနစ်ခန့်ပြုလုပ်ပေးပါ။

(၂) Partner Twist

Twist ယောဂလေ့ကျင့်ခန်းဟာလည်း အသက်ရှုနည်းလေ့ကျင့်ခန်းတစ်မျိုးပဲဖြစ်ပြီး ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ထုတ်ရှင်းလင်းပေးတာကြောင့် ပေါ့ပါးလန်းဆန်းစေပါတယ်။ ဒီလေ့ကျင့်ခန်းအတွက် လေ့ကျင့်ခန်း (၁) မှာပြုလုပ်ခဲ့သလို ကျောချင်းကပ်ထိုင်ပြီး ပုံစံယူပေးပါ။

ထို့နောက်ပုံမှာပြထားတဲ့အတိုင်း နှစ်ယောက်လုံး ခန္ဓာကိုယ်ကို ညာဘက်သို့စောင်းပြီး ကိုယ့်ဘယ်ဘက်လက်ကကိုယ့်ရဲ့ညာဘက်ဒူးကိုထိ၍လည်းကောင်း ကိုယ့်ညာဘက်လက်က ကိုယ့်အဖော်ရဲ့ ဘယ်ဘက်ဒူးခေါ်ကို လှမ်းထိ၍လည်းကောင်း ပြုလုပ်ပေးရပါမယ်။

ပြီးရင်ဒီပုံစံအတိုင်း (၁) မိနစ်ခန့် အသက်ကို ဖြေးဖြေးနဲ့ မှန်မှန်လေး ရှုသွင်းရှုထုတ်ပြုလုပ်ပေးပါ။ တစ်မိနစ်ပြည့်ရင် ခန္ဓာကိုယ်ကိုဆန့်ကျင်ဘက် ဘက်သို့ပြန်စောင်းပြီး ခုနကအတိုင်း (၁) မိနစ်ခန့် အသက်ရှုသွင်းရှုထုတ်လုပ်ပေးရပါမယ်။ ထိုနည်းအတိုင်း တစ်ဖက်ကို (၁) မိနစ် (၃) ကြိမ်စီပြုလုပ်ပေးပါ။

(၃) Seated & Supported Cat/Cow

ဒီလေ့ကျင့်ခန်းအတွက် အရင်ဆုံး ကိုယ်ရဲ့ အဖော်နဲ့ မျက်နှာချင်းဆိုင်အနေအထား ပုံစံယူပေးပါ။ ထို့နောက် ပုံမှာပြထားတဲ့အတိုင်း တစ်ယောက်နဲ့ တစ်ယောက် လက်ဖျံနေရာကိုကိုင်ထားပြီး အသက်ရှုသွင်းပါ။

အသက်ရှုသွင်းတဲ့နေရာမှာ ခန္ဓာကိုယ်ရဲ့ ဝမ်းဗိုက်အတွင်းထိ လေကိုရှုသွင်းရမှာဖြစ်ပြီး လေရှုသွင်းခြင်းနဲ့အတူ ခေါင်းကိုလည်းဖြေးဖြေးချင်းလိုက်ငုံပေးရပါမယ်။ ထို့နောက်အသက်ပြန်ရှုထုတ်တဲ့အခါ ခေါင်းကိုအပေါ်သို့ဖြေးဖြေးချင်းမော့ပြီး လေကိုရှုထုတ်ပေးရပါမယ်။

ထိုနည်းအတိုင်း အသက်ရှုသွင်းရှုထုတ်ကာ (၃) မိနစ်ခန့်ပြုလုပ်ပေးပါ။

(၄) Partner Boat Pose

ဒီလေ့ကျင့်ခန်းဟာ ကိုယ်ချစ်သူနဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုစွမ်းအင်တွေတိုးမြှင့်ပေးမယ့် လေ့ကျင့်ခန်းလေးတစ်ခုဖြစ်ပါတယ်။ အရင်ဆုံး တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်အနေအထား ပုံစံယူပေးပါ။

ထို့နောက် တင်ပါးကိုတော့ ကြမ်းပြင်းပေါ်မှာကပ်ထားပြီး ခြေထောက်ကို ဆောင့်ကြောင့်ထိုင်တဲ့အနေအထားမျိုး ပုံစံယူပေးရပါမယ်။ ပြီးရင် တစ်ယောက်နဲ့ တစ်ယောက် လက်ချောင်းချင်းချိတ်ထားပါ။ ထို့နောက် ပုံမှာပြထားတဲ့အတိုင်း လက်ဆွဲအားကို အားပြုပြီး ခန္ဓာကိုယ်ကိုနောက်သို့အနည်းငယ်လှန်ထားပါ။

ပြီးရင် ခြေဖဝါးခြင်းထိကာအပေါ်သို့ဖြေးဖြေးချင်း ဘယ်ဘက်ခြေထောက်ကိုအရင်ဆုံး အပေါ်သို့ ထောင်ပေးရပါမယ်။ဘယ်ဘက်ပြီးရင် ညာဘက်ခြေထောက်ကိုလည်း ဖြေးဖြေးချင်းအပေါ်သို့ထောင်ပေးပါ။

ပြီးရင်တော့ တစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ်ဟန်ချက်ညီအောင်ထိန်းပြီး အသက်ကိုဖြေးဖြေးချင်းရှုသွင်းရှုထုတ်ပြုလုပ်ပေးရပါမယ်။ ထိုနည်းအတိုင်း ငြိမ်ငြိမ်လေး (၁) မိနစ်ခန့် (၃) ကြိမ်ပြုလုပ်ပေးရပါမယ်။

(၅) Double Tree Pose

ဒီလေ့ကျင့်ခန်းလေးကတော့ ရိုးရိုးရှင်းရှင်းနဲ့ လွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးဖြစ်ပါတယ်။ အရင်ဆုံး နှစ်ယောက်လုံးမတ်တပ်ရပ်အနေအထား ပုံစံယူပေးပါ။

ထို့နောက်ပုံမှာပြထားတဲ့အတိုင်း တစ်ယောက်နဲ့ တစ်ယောက်လက်ဝါးချင်းထိလျက်အနေအထား ပုံစံယူပေးရပါမယ်။ ပြီးရင်တော့ ခြေထောက်တစ်ဖက်ကို ကြမ်းပြင်ပေါ်ရပ်ထားပြီး ကျန်တစ်ဖက်ကို ရပ်ထားတဲ့ခြေထောက်ရဲ့ ပေါင်လယ်လောက်ထိ ဖြေးဖြေးချင်း မတင်ပေးရပါမယ်။

ခြေထောက်ယိုင်မသွားစေဖို့ တစ်ယောက်ကိုတစ်ယောက်ကို အားပြုပြီး ထိန်းပေးထားရပါမယ်။ ပြီးရင် ကိုယ်နဲ့ ကိုယ်ဖော် နေရာချင်းလဲပြီး ခြေထောက်ကိုဘယ်ညာပြောင်းကာ အပေါ်ကအတိုင်းပြုလုပ်ပေးပါ။ ထိုနည်းအတိုင်း တစ်ဖက်ကို (၂) မိနစ်ခန့်ပြုလုပ်ပေးရပါမယ်။