အလုပ်ထွက်တာဟာ တကယ်ကို ခက်ခဲတဲ့ ကိစ္စဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ အလုပ်သစ်ရခြင်းနဲ့ အလုပ်က ထွက်လိုက်ခြင်းဟာ တူညီတဲ့ အတွေ့အကြုံတွေပဲ ဖြစ်ပါတယ်။

လူတော်တော်များများကတော့ အလုပ်ထွက်ရခြင်းအပေါ်မှာ လွဲမှားတဲ့ အမြင်တွေ ရှိနေပါတယ်။

(၁) အလုပ်ထွက်တယ်ဆိုတာ အရှုံးပေးတာ

အလုပ်ထွက်တဲ့အပေါ် လူတော်တော်များများမြင်ပုံက ဒါဟာ အလျှော့ပေးလိုက်တာပဲလို့ မြင်နေကြပါတယ်။ အောင်နိုင်သူတွေဟာ ဘယ်တော့မှ အလျှော့မပေးသလို အလျှော့ပေးလိုက်သူတွေကလည်း ဘယ်တော့မှ မအောင်မြင်ဘူးဆိုတဲ့ စကားလည်း ရှိပါတယ်။ ဒါတကယ်ပဲ မှန်သလား။

မဟုတ်ပါဘူး။ ကမ္ဘာကျော် နည်းပညာဂုရုတွေ ဖြစ်တဲ့ စတိဗ်ဂျော့ ၊ လယ်ရီပေ့ချ် ၊ ဆာဂီဘရင်း ၊ ဂေါက်သီးရိုက်ချန်ပီယံ တိုက်ဂါးဝုဒ် ၊ စာရေးဆရာကြီး ဂျွန်စတိန်းဘတ်ခ်တို့ရဲ့ အောင်မြင်မှုရဲ့ မူလဗီဇဟာ နယ်ပယ်တစ်ခုကနေ ထွက်လိုက်ရာကနေ စတင်ခဲ့တာပါ။ 

ဒ့ါကြောင့် တစ်ခါတစ်လေ တစ်ခုခုကို လက်လျှော့လိုက်ခြင်းဟာ တစ်နေရာရာမှာ အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်စေမှာပါ။

(၂) လက်လျှော့ဖို့က လွယ်ပါတယ်

အလုပ်ထွက်တဲ့ ကိစ္စကိုပဲ စဉ်းစားကြည့်မယ်ဆိုရင် လူတော်တော်များများက အလုပ်က ထွက်သွားတယ်ဆိုတာ ပျော့ညံ့တဲ့ လက္ခဏာလို့ သတ်မှတ်နေကြပါတယ်။ အလုပ်ထွက်တာကိုလည်း လွယ်တယ်လို့ထင်နေကြပါတယ်။

တကယ်လွယ်တဲ့ ကိစ္စကတော့ ကိုယ်မုန်းတဲ့ အလုပ်တစ်ခုကို တစ်နေ့ပြီး တစ်နေ့ဒါပဲ တောက်လျှောက်လုပ်နေတာ ဖြစ်ပါတယ်။ တစ်ခုခုကို လက်လျှော့တယ်ဆိုတာ တစ်ခါတစ်လေမှာ သတ္တိရှိတဲ့ အပြုအမှုတစ်ရပ်ဆိုတာ သတိရပါ။

(၃) အလုပ်ထွက်တယ်ဆိုတာ အတ္တကြီးတာ

အလုပ်မှာ ပြဿနာတွေ ထားခဲ့ပြီး မဖြေရှင်းချင်လို့ထွက်သွားတာ ၊ ဒီထက်သာတဲ့ တစ်နေရာကို ကူးချင်တာ သက်သက်နဲ့ ကုမ္ပဏီဘက်ကို မတွက်ဘဲ အလုပ်က ထွက်သွားတာကိုမှ အတ္တကြီးတာလို့ဆိုရမှာပါ။

လူတိုင်းဟာ ကိုယ်မနှစ်သက်တဲ့ အလုပ်ကနေ ထွက်ခွင့်ရှိပါတယ်။ အလုပ်မှာ လုပ်နေစဉ် စည်းကမ်းသေဝပ်ပြီး ကိုယ့်အရည်အချင်းတွေကို ပုံအောသုံးပြီး စေတနာထားလုပ်ခဲ့သူအတွက် အလုပ်ထွက်ခြင်းဟာ အပြစ်မဟုတ်ပါဘူး။

(၄) အလုပ်ထွက်ရင် ထမင်းငတ်သွားမယ်

မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ သူထင်တာထက်ကို ပိုပြီး အံ့သြစရာတွေ လုပ်ဆောင်နိုင်ပါတယ်။ အလုပ်တစ်ခုကနေ တစ်ခု အကူးအပြောင်းမှာ ခက်ခဲမယ် ၊ စွန့်စားရမယ်ဆိုတာကိုတော့ ကြိုတွေးရမှာပါ။

ဒါကို ဉာဏ်ကြီးကြီးနဲ့ ကြိုစီစဉ်ပြီး ကိုယ့်ရဲ့ ပင်ကိုယ်စွမ်းရည်နဲ့အရည်အသွေးတွေကို ကိုယ်သွားလိုရာ အလုပ်သစ်အတွက် သုံးနိုင်မှာ ဖြစ်ပါတယ်။ ဒီအလုပ်မှာ ကြာကြာနေရင် ငတုံးဖြစ်သွားမယ့်အစား ပင်လယ်လို ကျယ်ပြောတဲ့ လောကထဲကို ရဲရဲဝံ့ဝံ့ ကူးဖြတ်ဖို့အားမာန်သွင်းဖို့လိုပါတယ်။

ဒီအတွက် စွမ်းအင် ၊ စိတ်ခွန်အားနဲ့ကိုယ့်ကိုယ်ကို ယုံကြည်မှုမွေးနေရပါလိမ့်မယ်။

(၅) ဂိတ်ဆုံးသွားပြီ

အလုပ်ထွက်သွားရင် ငုတ်ပျောက်သွားမယ်ဆိုပြီး တားတဲ့ မိတ်ဆွေတွေ ရှိပါလိမ်မယ်။ သူတို့ကတော့ စေတနာကောင်းနဲ့ တားတာပါ။ အားလုံးအဖတ်ဆည်မရတော့လို့ အလုပ်က ထွက်သွားတာပဲလိုလည်း မြင်ကောင်းမြင်ပါလိမ့်မယ်။

ဒီအမြင်တွေကို လန့်လို့ပဲ လူတော်တော်များများဟာ ကိုယ်မချစ်မနှစ်သက်တဲ့ အလုပ်မှာပဲ ကိုယ့်ဘဝကို ဇာတ်မြှုပ်ပစ်တာ များပါတယ်။ တကယ်တော့ အလုပ်ထွက်တယ်ဆိုတာ သူ့နေရာနဲ့ သူ မှန်ကန်တဲ့ အကြောင်းတစ်ခုဖြစ်လို့ ထိုက်တန်တဲ့ အကြောင်းနဲ့ ကြုံလို့အလုပ်က ထွက်ရမယ်ဆိုရင် စိတ်ဖြောင့်ဖြောင့်နဲ့အလုပ်က ထွက်သင့်ပါတယ်။