အခုမှ စတွဲတဲ့ စုံတွဲတွေ တော်တော်များများဟာ စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ပျော်ဖို့လည်း ကောင်းပါတယ်။ ဒါပေမယ့် အရမ်းချစ်လို့ လိုက်ရောပေးနေရာကနေ အမှားလေးတွေ ပါသွားနိုင်ပါတယ်။

ဒီလိုအမှားလေးတွေကို ဒီဆောင်းပါးလေးကနေပြီးတော့ ထောက်ပြသွားမှာပါ။

ကိုယ်ပိုင်ဘဝကို မေ့ပစ်လိုက်တာ

Relationship အစပိုင်းမှာ ချစ်သူနဲ့ အချိန်ပိုပြီး ဖြုန်းတတ်ကြပါတယ်။ ချစ်သူကို အချိန်ပိုပေးနိုင်ဖို့အတွက် သူငယ်ချင်းတွေနဲ့ အဆက်အသွယ်မလုပ်တော့တာ၊ မိသားစုကို အဆက်အသွယ်မလုပ်တော့တာတွေ လုပ်လာတတ်ပါတယ်။

ဒါက အမှားတစ်ခုပါ။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်ခြင်းအားဖြင့် နောက်ပိုင်း သူငယ်ချင်းတွေက သင့်ကို မခေါ်မပြောတော့တာတွေ ဖြစ်လာတတ်ပါတယ်။

သင့်ရဲ့ချစ်သူလည်း သင့်ကို စိတ်ဝင်စားမှု လျှော့နည်းလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင့်ရဲ့ဘဝက ရိုးရှင်းပြီးတော့ စိတ်ဝင်စားမှုမရှိတော့လို့ပါပဲ။

သူ့ရဲ့အကျင့်ဆိုးတွေကို သည်းခံနေတာ

သင့်ရဲ့ချစ်သူက သင့်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မလေးစားတာ၊ အဆက်အသွယ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်တာ၊ သင့်ကို နာမည်တပ်ခေါ်တာ၊ ဒေါသကြီးတာ၊ ချိန်းထားရင် အမြဲနောက်ကျပြီးမှလာတာ၊ နှစ်ယောက်အတူတူ ရှိနေတဲ့အချိန်ဖုန်းကို တချိန်လုံးသုံးနေတာတွေကို မသိသလို မနေသင့်ပါဘူး။

တကယ်လို့သာ ဒီအချက်တွေကို မသိကျွန်ပြုပြီး နေလိုက်မယ်ဆိုရင် relationship အတွက်တချိန်မှာ အဆိပ်အတောက်ဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေမဖြစ်စေဖို့အတွက် သင့်ရဲ့အမြင်တွေကို ယဉ်ယဉ်ကျေးကျေး ပြောပြလိုက်ပါ။ ဒါတွေက အလုပ်မဖြစ်ဘူးဆိုရင်တော့ သူ့အနားကနေ အဝေးဆုံးကိုသာ ထွက်သွားလိုက်ပါတော့။

ထိန်းချုပ်ဖို့ကြိုးစားတာ

သူ့ကို ထိန်းချုပ်ဖို့ကြိုးစားနေတာက သူ့အပေါ်မှာ ယုံကြည်မှု မရှိဘူးဆိုတာ ပြနေတာပါ။ ဒီလိုထိန်းချုပ်ဖို့ကြိုးစားတာဟာ သူ့ကို အဝေးဆီကို တွန်းပို့နေတာနဲ့တူပါတယ်။ လူတိုင်းကိုယ့်ဘဝနဲ့ ကိုယ်လွတ်လပ်စွာနေချင်ကြတာပါ။ သူတပါးရဲ့ထိန်းချုပ်မှုအောက်မှာ ဘယ်သူမှာ မနေချင်ကြပါဘူး။