လူတစ်ယောက်မှာ Self-Confidence ရှိဖို့ အရမ်းကိုအရေးကြီးပါတယ်။ မိမိကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့သူ တစ်ယောက်အနေနဲ့ လုပ်ငန်းခွင် ပေါင်းသင်းဆက်ဆံရေးသာမက ဖြတ်သန်းရတဲ့ နေ့စဉ်ဘဝမှာပါ ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

ဒါပေမဲ့ လူအများဆုံးလုပ်မိနေတဲ့ အရာတွေထဲမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုလျော့နည်းစေတဲ့ လုပ်ရပ်တစ်ချို့ပါနေပါတယ်။ ဒီအချက်တွေကို သတိထားဆင်ခြင်မိစေဖို့ စာဖတ်ပရိသတ်တွေကို ပြောပြပေးလိုက်ပါတယ်နော်။

(၁) တခြားသူတွေနဲ့ နှိုင်းယှဉ်ခြင်း

ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းတဲ့လူအများစုဟာ သူတို့လက်ရှိ ပိုင်ဆိုင်ထားတဲ့ဘဝနဲ့ ပတ်သတ်ပြီး အလိုမကျသူတွေ များပါတယ်။ ဘယ်သူကတော့ ငါထက်ပိုချောတယ် ခန္ဓကိုယ်ပိုလှတယ် လစာပိုကောင်းတယ် ပိုချမ်းသာတယ် စသည်ဖြင့် သူတို့ပတ်ဝန်းကျင်ကသူတွေ ဆိုရှယ်မီဒီယာပေါ်တွေကသူတွေနဲ့ နှိုင်းယှဉ်ပြီး ဒီပရက်ရှင်တွေဝင်ကြတာဖြစ်ပါတယ်။

တကယ်တော့ ကိုယ်သာလျှင် အကောင်းဆုံး ကိုယ့်ရဲ့ပြိုင်ဘက်ပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးချင်ရင် တခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့။

(၂) ခန္ဓာကိုယ်မထိန်းသိမ်းပဲနေခြင်း

ကိုယ့်ကိုယ်ကိုယုံကြည်မှုနည်းစေတဲ့ နောက်တစ်ထပ်တစ်ချက်က ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို မထိန်းသိမ်းပဲနေတာပါ။ မွေးရာပါ ချို့ယွင်းချက်တစ်ခုခုရှိနေတဲ့ သူတစ်ယောက်အနေနဲ့တော့ ကိုယ့်ရဲ့ ချို့ယွင်းချက်အပေါ် စိတ်ဓာတ်ကျစရာမလိုပါဘူး။

ဒါပေမယ့် သာမာန်လူတစ်ယောက်အနေနဲ့တော့ ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့ ပတ်သတ်ပြီး ပစ်စလက်ခက်မနေသင့်ပါဘူး။ Diet လုပ်တာ ကျန်းမာစွာ စားသောက်နေထိုင်တာမျိုးတွေနဲ့ ခန္ဓာကိုယ်ကို ထိန်းသိမ်းသင့်ပါတယ်။ ဒါမှလည်း ဘယ်လိုအဝတ်အစားပဲဝတ်ဝတ် ဘယ်ပဲသွားသွား ယုံကြည်မှုပြည့်ဝနေမှာပါ။

(၃) မကောင်းမြင်စိတ်တွေနဲ့ရှင်သန်ခြင်း

အရာရာတိုင်းကို မကောင်းမြင်စိတ်နဲ့ ကြည့်မြင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုလျော့နည်းလာစေတဲ့ အကြောင်းအရင်းတစ်ရပ်ပါ။ လောကမှာ ဘယ်အရာမှ အကောင်းပဲမရှိသလို ဘယ်အရာမှလဲ အဆိုးကြီးပဲလည်းမရှိပါဘူး။

အကောင်းနဲ့ အဆိုးဒွန်တွဲနေတယ်ဆိုတာကို လက်ခံသင့်သလောက်လက်ခံပေးရပါမယ်။ မကောင်းမြင်စိတ်က သင့်ကိုသင်ယုံကြည်မှု လျော့နည်းစေတာကြောင့် တက်နိုင်သလောက် မကောင်းမြင်တဲ့စိတ်ကို လျော့ချပေးပါ။

(၄) ကိုယ့်ကိုယ်ကို ဘောင်ခတ်ထားခြင်း

ကိုယ့်ကိုယ်ကိုဘောင်ခတ်ပြီးနေကြသူတွေဟာ တခြားသူတွေ ထက်ယုံကြည်မှုလျော့နည်းကြပါတယ်။ကိုယ့်လုပ်နိုင်တယ်လို့သတ်မှတ်ထားတဲ့အတိုင်းအတာထက်ကျော်လွန်နေတဲ့ ကိစ္စတစ်ခုကိုလုပ်ရတော့မယ်ဆိုရင် ငါမလုပ်နိုင်လောက်ဘူးဆိုတဲ့အတွေးမျိုးဝင်တက်ကြပါတယ်။

ဒီလိုသာမဖြစ်နိုင်ဘူးလို့ တွေးနေရင် လက်ရှိကျွန်တော်တို့အသုံးပြုနေတဲ့နည်းပညာတွေ စက်ပစ္စည်းတွေက ပေါ်လာမှာတောင်မဟုတ်ပါဘူး။ ဘယ်အရာမှအခက်အခဲတော့ရှိပါတယ်။ကိုယ်အနေနဲ့ မစမ်းသပ်ကြည့်ရသေးပဲငါမလုပ်နိုင်ဘူးဆိုပြီကိုယ့်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကိုဘောင်မခတ်လိုက်ပါနဲ့။