စိတ်ဆိုးစိတ်ကောက်တယ် ၊ ရန်ဖြစ်တယ်ဆိုတာ စုံတွဲတိုင်းကြုံနေရတဲ့ ပြဿနာလေးတွေပါပဲ။ သို့ပေမယ့် ပြဿနာလေးတွေကို ကောင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိရင် ကြီးမားတဲ့ ပြဿနာတွေအဖြစ် အသွင်ပြောင်းလဲသွားနိုင်ပါတယ်။

မာနကို ရှေ့တန်းတင်ပြီး ပြဿနာကြီးထွားအောင် လုပ်နေမိရင်တော့ နောက်ဆုံးရလဒ်က လမ်းခွဲပြတ်စဲခြင်းမှတပါး တခြားမရှိနိုင်ပါဘူး။

ဒီတစ်ခေါက်မှာတော့ ချစ်သူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပျက်စီးစေပြီး လမ်းခွဲပြတ်စဲတဲ့အဆင့်အထိ ရောက်သွားနိုင်တဲ့ လုပ်ရပ်အမှားလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အရွဲ့တိုက်ခြင်း

ရန်ဖြစ်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်အရွဲ့တိုက်တာက ပြဿနာတွေပိုမို ကြီးထွားစေပါတယ်။ ငယ်ရွယ်တဲ့ ချစ်သူစုံတွဲတွေမှာ ငယ်စိတ်လို့ခေါ်တဲ့ မာနက ရှေ့ကခံနေတဲ့အတွက် ပြဿနာတစ်ခု ဖြစ်လာရင် မခံဘူး ပြန်အရွဲ့တိုက်မယ်ဆိုတာမျိုး လုပ်တက်ကြပါတယ်။

အရွဲ့တိုက်ခြင်းရဲ့ နောက်ဆုံးရလဒ်က ပြဿနာတွေ ပိုများစေပြီး လမ်းခွဲမှုကို ဦးတည်နေတာ ဖြစ်ပါတယ်။

(၂) လျစ်လျူရှုခြင်း

ပြဿနာတစ်ခုဖြစ်ရင် ဖြေရှင်းဖို့ အရေးကြီးပါတယ်။ မဖြေရှင်းဘဲ လျစ်လျူရှုပါများရင် ကြာလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရင်ထဲမှာ ဒဏ်ရာတွေ စုပုံလာပြီး တစ်ချိန်မှာ ဖြေရှင်းရခက်တဲ့ ကြီးကြီးမားမား ပြဿနာတစ်ခု အသွင်ကို ပြောင်းလဲသွားနိုင်ပါတယ်။

ဒါကြောင့် ပြဿနာတစ်ခုဖြစ်ရင် နှုတ်ဆိတ်ပြီး ပြဿနာကို ကျော်ချမသွားဘဲ ဖြေရှင်းကာ ညှိနှိုင်းဆွေးနွေးဖို့ လိုပါတယ်။

(၃) မကြာခဏ လမ်းခွဲစကားပြောခြင်း

ပြဿနာဖြစ်တိုင်း လမ်းခွဲစကားပြောခြင်းက ချစ်သူစုံတွဲတွေအများစု လုပ်မိတဲ့ လုပ်ရပ်အမှားတစ်ခုပါပဲ။ ပြဿနာတစ်ခုဖြစ်လာရင် ပြေလည်အောင် အရင်ဆုံးဖြေရှင်းညှိနှိုင်းရမှာ ဖြစ်ပါတယ်။

မကြာခဏ လမ်းခွဲစကား ပြောနေတာက ပြဿနာရဲ့ အဖြေတစ်ခုမဟုတ်သလို အဆုံးသတ်မကောင်းတဲ့ ရလဒ်တွေဘဲ ဖြစ်လာနိုင်ပါတယ်။

(၄) ဒဏ်ရာဟောင်းတွေ တူးဆွခြင်း

စုံတွဲတွေ ရန်ဖြစ်စကားများပြီဆိုရင် အနိုင်မခံအရှုံးမပေး စကားနိုင်လုကြတာ သဘာဝပါ။ ဒီလိုစကားနိုင်လုတဲ့အထဲမှာ အဆိုးဆုံးက တစ်ချိန်ကအမှားတွေကို ပြန်ပြောပြီး အနာဟောင်းကိုဆွတာပဲ ဖြစ်ပါတယ်။

အတိတ်ကမှားခဲ့တဲ့ အရာတွေ ဒဏ်ရာဟောင်းတွေကို ပြန်လည်တူးဆွပြီး စကားနိုင်လုတာက ပြဿနာကိုပိုပြီး ကြီးထွားလာစေနိုင်ပါတယ်။