သင့်ရဲ့ ဆံကေသာများ ခြောက်သွေ့ကြမ်းတမ်းကာ ပျက်စီးသွားစေတဲ့ အဓိကတရားခံတွေကတော့ သင် အမှတ်တမဲ့ ပြုလုပ်မိလိုက်တဲ့ အလေ့အကျင့်တွေကြောင့်ပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်ရဲ့ ဆံကေသာ ကျန်းမာလှပချင်တယ် နူးညံ့တောက်ပြောင်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အလေ့အကျင့်များကို ရှောင်ကြဉ်ဖို့ လိုအပ်ပါလိမ့်မယ်။

ခေါင်းအလျှော်များခြင်း

ခေါင်းမကြာခဏလျှော်ခြင်းက ဆံကေသာကို ခြောက်သွေ့သွားစေပြီး ဆံပင်အရောင် မှိုင်းမှိုင်းကြီးဖြစ်သွားစေပါတယ်။ ဒါ့အပြင် ဆံပင်အလျှော်များသွားတဲ့အခါ ဆံပင်ကျွတ်ခြင်းကို များပြားစေပြီး ဆံပင်သန်ခြင်းကို နှေးကွေးသွားစေပါတယ်။

ရေပူဖြင့် ခေါင်းလျှော်မိနေခြင်း

ရေပန်းနဲ့ ရေချိုးတဲ့သူတွေအနေနဲ့ သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ ရေပူဖြင့် ခေါင်းလျှော်မိတဲ့အခါ ဦးရေပြားပေါ်ရှိ သဘာဝအဆီတွေသည် ပျက်စီးသွားပြီး ဦးရေပြားလည်း ပျက်စီးသွားကာ နောက်ဆုံးမှာတော့ ဆံပင်တွေ တဖြည်းဖြည်းကျွတ်လာပြီး ထိပ်ပြောင်ခြင်း၊ ဆံပင်ပါးသွားခြင်းတို့ကို ခံစားသွားရနိုင်ပါတယ်။

Conditioner အသုံးပြုတဲ့အခါ ဆံပင်အရင်းအထိ လိမ်းမိနေခြင်း

Conditioner ကို ဆံပင်အမြစ်ကနေ စသုတ်လိမ်းနေမိမယ်ဆိုရင်တော့ သင့်ရဲ့ဆံပင်မွှေးညှင်းပေါက်လေးတွေကို သွားပြီး ပိတ်လှောင်ထားမိသလိုဖြစ်ကာ ဆံပင်မွှေးညှင်းပေါက်များကို ပျက်စီးသွားစေပါတယ်။ ဒါ့ကြောင့် Conditioner သုံးတော့မယ်ဆိုရင် ဆံပင်အဖျားနားတွေပဲ သုတ်လိမ်းသင့်ပါတယ်။

တဘက်ဖြင့် ဆံပင်ခြောက်အောင် သုတ်မိနေခြင်း

တဘက်ဖြင့် ဆံပင်ကို ကြမ်းကြမ်းတမ်းတမ်း သုတ်ခြင်းသည်လည်း ဆံကေသာကို ကြမ်းတမ်းပျက်စီးစေတဲ့ အလေ့အကျင့် တစ်ခုပဲဖြစ်ပါတယ်။ ဆံပင်တွေဟာ စိုစွတ်နေတဲ့အချိန်မှာ အားအနည်းဆုံးဖြစ်ပါတယ်။

ကြမ်းကြမ်းတမ်းတမ်း သုတ်နေမိမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ဆံပင်တွေသည် ပျက်စီးပြီး ဆံကေသာတွေကို ဆုံးရှုံးရပါလိမ့်မယ်။ ဒါ့ကြောင့် ချည်သား တီရှပ်လေးများကို အသုံးပြုကာ သုတ်ပေးခြင်းက အကောင်းဆုံးပဲဖြစ်ပါတယ်။