တစ်ခါတလေ သီချင်းနားထောင်တဲ့အခါမှာ စာသားတွေအရမ်းကောင်းနေတာ၊ သံစဉ်တွေကောင်းနေတာကြောင့်မဟုတ်ဘဲ အဆိုတော်ရဲ့ အသံကို နားထဲစွဲသွားလောက်အောင် ဆွဲဆောင်နိုင်တာကြောင့် ကြိုက်မိသွားတဲ့သီချင်းတွေရှိမှာပါ။ အခုလိုမျိုး အသံပိုင်ရှင်တွေဟာ တကယ်ကို ဘုရားကပေးတဲ့ အသံတွေကြောင့်နာမည်ကြီးပြီးတော့ တကယ်ကိုလည်း အောင်မြင်မှုရနေတဲ့သူတွေပါ။

ကဲ… ဒီအဆိုတော်တွေက ဘယ်သူတွေလဲဆိုတာကို ကြည့်လိုက်ရအောင်

1. Adele

Someone Like You ၊ Rolling In The Deep ဆိုတဲ့သီချင်းတွေဟာ Adele ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သီချင်းတွေလို့ ပြောလို့ရသလို သူမကို အောင်မြင်စေတဲ့ သီချင်းတွေလည်းဖြစ်ပါတယ်။ အခုသီချင်းတွေဟာ စာသားတွေကောင်းတယ်ဆိုပေမယ့် တကယ်တမ်းက Adele ရဲ့ တမူထူးခြားပြီး အားကောင်းတဲ့အသံကြောင့်ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။

2. Whitney Houston

အခုအချိန်မှာ သက်ရှိထင်ရှားမရှိတော့ပေမယ့် Whitney Houston ဟာ American singer, Actress, Producer နဲ့ Model အဖြစ် အကုန်လုံးလုပ်ဆောင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ၂၀၀၉ ခုနှစ်မှာဆိုရင် ဆုရရှိမှုအများဆုံး အမျိုးသမီးအဖြစ်ပါ ဂင်းနစ်စံချိန်တင်သွားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူမဟာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှာ သေဆုံးသွားခဲ့ပါတယ်။

3. Amy Lee

Amy Lee ကလည်း အမေရိကန်နိုင်ငံဖွား အဆိုတော်မလေးတစ်ယောက်ဖြစ်ပြီး သူမဟာ အလွန်ကျွမ်းကျင်တဲ့ Pianist နဲ့ Composer တစ်ယောက်လည်းဖြစ်ပါသေးတယ်။ Arkansas Band Evanescence ရဲ့ Lead Singer ဖြစ်တဲ့ Amy ကို တခြားအဆိုတော်တွေကနေ ခွဲခြားလိုက်တာကတော့ တမှုထူးခြားတဲ့ သူမရဲ့ အသံပဲဖြစ်ပါတယ်။

4. Celine Dion

အသံပိုင်းမှာ အထူးခြားဆုံးအဆိုတော်တွေကိုပြောပါဆိုရင် မပါမဖြစ်ကတော့ Celine Dion ပဲဖြစ်ပါတယ်။ သူမရဲ့ Titanic ရုပ်ရှင်ဇာတ်ဝင်သီချင်းဖြစ်တဲ့ “My Hear Will Go On” ဟာ အခုအချိန်အထိ ဘယ်သူမှ လိုက်မမှီတဲ့အချစ်သီချင်းတစ်ပုဒ်အဖြစ် သတ်မှတ်လို့ရသလိုပဲ အခြားသော သီချင်းပေါင်းများစွာကလည်း Celine Dion ကို အကောင်းဆုံးအသံပိုင်ရှင်ဆိုတာ သက်သေထူနေပါတယ်။

5. Mariah Carey

ပေါ့စတား Mariah Carey ဟာလည်း တကယ်တမ်းမှာ အဆိုအလွန်ပိုင်နိုင်တဲ့သူတစ်ယောက်ဖြစ်ပြီးတော့ အခုအချိန်အထိ နံပါတ် ၁ ချိတ်ခဲ့တဲ့ သီချင်း Album ၁၈ ခုအထိ ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ သူမကို မကောင်းပြောတဲ့သူတွေရှိနေပေမယ့်လည်း သူမရဲ့ အသံကိုတော့ မချီးကျူးပဲနေလို့မရပါဘူး။