မင်္ဂလာပါ ပျိုမေတို့ရေ။ ချစ်စရာမျက်နှာလေးနဲ့ ခြေတံရှည်ရှည်တို့ကို ပိုင်ဆိုင်ထားတဲ့ IVE အဖွဲ့ဝင်လေး Wonyoung ကိုတော့ Kpop ပရိသတ် တော်တော်များများသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ၁၈ နှစ်သာရှိသေးပေမယ့် ၅ ပေ ၆လက်မအထိရှည်တဲ့ အရပ်ကြောင့် အရပ်အမြင့်ဆုံး အမျိုးသမီးတွေထဲက တစ်ယောက်အဖြစ် ပရိသတ်တွေ သတ်မှတ်ထားသူပါ။ ဒီလိုမျိုး သွယ်လျတဲ့ခြေတံရှည်လေးတွေ ထိန်းသိမ်းနိုင်ဖို့ Wonyoung ဟာ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက Pilates လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်လေ့ရှိတယ်လို့ အစီအစဉ်တစ်ခုမှာ ပြောပြခဲ့ပါတယ်။
Pilates လို့ခေါ်တဲ့ အကြောဖျော့လေ့ကျင့်ခန်းတွေက ခန္ဓာကိုယ်ပျော့ပြောင်းစေတဲ့အပြင် ဖြေးဖြေးချင်းလုပ်နိုင်တာမို့ စိတ်လည်းငြိမ်ပါတယ်။ ဒီတစ်ခေါက်မှာ Pilates လေ့ကျင့်ခန်းလုပ်ရင်း ပေါင်တံသွယ်ချင်တဲ့သူတွေအတွက် Wonyoung လုပ်လေ့ရှိတဲ့ လေ့ကျင့်ခန်းပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ အခြားကိရိယာတွေမလိုဘဲ ယောဂဖျာပေါ်မှာလည်း လိုက်လုပ်နိုင်တာမို့ ပျိုမေတိုင်းအတွက် အဆင်ပြေမှာပါ။
Roll Down + Lunge Twist
ပထမဆုံး ဒူးတစ်ဖက်ကွေး၊ ရှေ့ထုတ်ကာ ထောက်ထားပြီး ဆန့်ကျင့်ဘက်လက်ကို အပေါ်မြှောက်ပါ။ ခန္ဓာကိုယ်ကို တစ်ဖက်လိမ်ပေးရပါမယ်။ ဒီအတိုင်း တစ်မိနစ်လောက်နေပြီး နောက်တစ်ဖက်ပြောင်းလုပ်ပေးပါ။ တစ်ဖက်စီအတွက် လေးကြိမ်အလှည့်ကျပြုလုပ်ပေးရပါမယ်။
Side Plank Rainbow
Plank ဘေးစောင်းထောက်ထားပြီး ခန္ဓာကိုယ်ဟန်ချက်ထိန်းကာ လက်တစ်ဖက်ကို သက်တန့်ဆွဲသလို ကွေးလိုက်ဆန့်လိုက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ သူ့ကိုလည်း ဒူးတစ်ဖက်စီအတွက် တစ်မိနစ်စီ အလှည့်ကျ ၄ ကြိမ်လုပ်ပေးပါ။
Half Split
ခြေထောက်တစ်ချောင်းကို နောက်ပစ်ကာ နောက်တစ်ဖက်ကို ရှေ့ထုတ်ပြီး ထောက်ထားပါ။ ခန္ဓာကိုယ်ကို ကုန်းကာ ခြေထောက်တွေကို ရသလောက် ဖိချပေးပါ။ ဒီအကြောလျှော့လေ့ကျင့်ခန်းကိုတော့ ၃၀ စက္ကန့်စီ ၄ ကြော့ပြုလုပ်ပေးဖို့လိုပါတယ်။
Revolved Head To Knee
Photo Source: pexels.com
ပုံထဲကလို ခြေထောက်တစ်ဖက်ကို ဘေးကားကာ နောက်တစ်ဖက်ကိုပါ တစ်ဖက်တည်း ကွေးပေးရမှာပါ။ ခန္ဓာကိုယ်နဲ့ လက်တွေကိုပါကွေးထားပြီး ၃၀ စက္ကန့်လောက်တောင့်ထားပေးပါ။ သူ့ကိုလည်း ၄ ကြော့လုပ်ပေးရပါမယ်။ အခုမှစလုပ်မယ့်သူတွေက အကြောတွေတင်းနေနိုင်တာမို့ အချိန်လျှော့ပြီး ဖြေးဖြေးချင်းလေ့ကျင့်ပေးဖို့လိုပါတယ်။
Double Leg Lift
ခန္ဓာကိုယ်လှဲချကာ ခြေထောက်နှစ်ဖက်စုပြီး အပေါ်ထောင်လိုက်ပြန်ချလိုက်လုပ်ပေးရမှာပါ။ လုပ်နေရင်း ခေါင်းကို ကြမ်းပြင်နဲ့မထိအောင် မ ထားပေးပါ။ တစ်မိနစ် ၄ ကြော့အထိလုပ်ပေးပါ။ ကြွက်သားတွေ ကျစ်လျစ်ပြီး ခြေထောက်အဆီကျစေပါလိမ့်မယ်။
Leg Climb
ခြေထောက်တစ်ဖက်ချင်းထောင်ပြီး ခန္ဓာကိုယ်နဲ့ကပ်တဲ့အထိ လက်နဲ့ဆွဲလိုက် ပြန်ချလိုက်လုပ်ပေးရမှာပါ။ သူ့ကိုလည်း စက္ကန့် ၃၀ စီ ၄ ကြော့ပြုလုပ်ပေးရပါမယ်။
Leg Circle
ခန္ဓာကိုယ်အပေါ်ပိုင်းကို လှဲကာ ခြေထောက်လေပေါ်မြှောက်ပြီး စက်ဝိုင်းပုံလှည့်ပေးပါ။ တစ်မိနစ်အထိရအောင် ဖြေးဖြေးချင်းလှည့်ပြီး ဒီအတိုင်း ၄ ခေါက်ပြန်လုပ်ပေးရပါမယ်။
Photo Source: Pinterest
By MyStyle Myanmar