လက်သည်းနီဆိုးတယ်ဆိုတာကလည်း မိန်းကလေးတိုင်းလုပ်တတ်တဲ့ အရာတစ်ခုပဲပေါ့။ ဒါပေမယ့် လက်သည်းနီနဲ့ပတ်သက်ပြီး မိန်းကလေးတိုင်း သတိမထားမိနေတဲ့အရာတွေလည်း ရှိနေသေးတယ်ဆိုတာကိုတော့ သိထားပြီးသားဖြစ်မှာပါ။ ဒီတော့ လက်သည်းနဲ့ပတ်သက်ပြီး ဒီအရာတွေကိုသိထားလိုက်မယ်ဆိုရင်တော့ ပျိုမေတို့ရဲ့အလှအပရေးရာတွေက လွယ်ကူချောမွေ့သွားမှာပဲဖြစ်ပါတယ်နော်။

ပျိုမေတို့ဆိုးမယ့်လက်သည်းနီကို ဆိုးတော့မယ်ဆိုရင် လုပ်သင့်တာတစ်ခုက မဆိုးခင်အချိန်မှာ လက်သည်းနီပုလင်းကို ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်လောက်ထည့်ထားပေးလိုက်ဖို့လိုပါတယ်။ ဒီလိုလုပ်ပေးရတယ်ဆိုတာကတော့ ပျိုမေတို့ရဲ့လက်သည်းနီအရောင်လေးက ပိုချောမွေ့ပြီး လက်သည်းလေးတွေမှာဆိုးရတာ ပိုပြီးတော့လွယ်ကူသွားစေတာပေါ့။

လက်ချောင်းလေးတွေကို နူးညံ့လှပသွားစေဖို့အတွက်ဆိုရင် ရေနွေးနွေးလေးထဲကို သံလွင်ဆီထည့်ပြီး လက်ချောင်းလေးတွေကို ၁၅ မိနစ်လောက်ထည့်ပြီးတော့ စိမ်ထားပေးလိုက်ပါ။ ပြီးရင်တော့ လက်ချောင်းလေးတွေကို စက်ဝိုင်းပုံစံနှိပ်ပေးတာမျိုးလုပ်ပေးမယ်ဆိုရင်တော့ လက်ချောင်းလေးတွေကို အရေးအကြောင်းကင်းရှင်းပြီး နူးညံ့လှပလာစေမှာပဲဖြစ်ပါတယ်။

လက်သည်းနီအရောင်ကိုလည်း တစ်ပတ်တစ်ခါလောက်တော့ ပုံမှန်အသစ်လဲပေးသင့်ပါတယ်။ လက်သည်းနီတွေက အမြဲတမ်းဆိုးထားပေးဖို့လည်း အဆင်မပြေသလို လက်သည်းကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် ဖြစ်နိုင်ရင်တော့ တစ်ပတ်ကိုတစ်ခါလောက်တော့ ပုံမှန်လက်သည်းထိန်းသိမ်းမှုလေးတွေကို လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်။

Photo Soure: Pexels