ကိုယ်ရည်ကိုယ်သွေး ဆိုတာ တစ်နည်းအားဖြင့် ကိုယ့်ဘဝကို ပုံဖော်နေတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်လို့ ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့ ကြိုးစားသင့်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးမြင့်မားဖို့ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပျိုးထောင်ပြုပြင်နေရတာ ဖြစ်ပါတယ်။

အခုပြောမယ့်နည်းလမ်းလေးတွေက ကိုယ်ရည်ကိုယ်သွေး ပိုကောင်းအောင် ပံ့ပိုးပေးပါလိမ့်မယ်။

(၁) စကားအရာ လိမ္မာပါစေ

စကားပြောကောင်းသူတစ်ယောက် ၊ တစ်ဖက်သားပြောသမျှကို သေချာနားလည်အောင် နားထောင်တတ်သူတစ်ယောက် ဖြစ်ဖို့ ကြိုးစားပါ။ ဒါဟာ ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အရေးကြီးတဲ့ အခြေခံအဆင့်ဖြစ်ပါတယ်။

စကားကို နှစ်လိုဖွယ်ဖြစ်အောင် ပြောတတ်ဖို့ လိုသလို အကျိုးသင့်အကြောင်းသင့် အချိန်အခါသင့်ပြောတတ်ဖို့လည်း အရေးကြီးပါတယ်။ ပိုအရေးကြီးတာက သူတစ်ပါးရဲ့ စကားကိုလည်း နားလည်အောင် စိတ်သဘောထားမှန်မှန်နဲ့ နားထောင်တတ်ဖို့ ဖြစ်ပါတယ်။

(၂) စာဖတ်ပါ။ ဉာဏ်ချဲ့ပါ

အသိပညာကို ဘယ်တော့မှ အိပ်ရာမဝင်စေပါနဲ့။ ကိုယ်ရည်ကိုယ်သွေးကောင်းရမယ်လို့ သံဓိဌာန်ပြုထာတဲ့သူတစ်ယောက်အတွက် အရေးတကြီး ဦးစားပေးလုပ်ရမယ့်အချက်က ကိုယ့်ရဲ့ စိတ်ဝင်စားမှုနယ်ပယ်ကို မြှင့်တင်ဖို့နဲ့ ကိုယ့်ရဲ့အသိဉာဏ်ပညာကို အမြဲတမ်း တိုးချဲ့သွားဖို့ ဖြစ်ပါတယ်။

လူဟာ အသိဉာဏ်တကယ်ရင့်သန်လာရင် ကိုယ်ရည်ကိုယ်သွေးကနေ ပင်ကိုယ်အရည်အချင်း ဖြစ်လာတာပါပဲ။

(၃) လူတွေနဲ့ စကားပြောပါ။ တွေ့ဆုံပါ

လူတွေနဲ့ တွေ့ရမှာ မကြောက်ပါနဲ့။ ကိုယ့်အမြင်ကို စင်ပေါ် တက်ပေါ်ရမှာ မလန့်ပါနဲ့။ လူတွေနဲ့ များများတွေ့ပါ။ ကောင်းမြတ်ပြီး ထက်မြက်ကြီးကျယ်တဲ့ သူတွေနဲ့ တွေ့နိုင်ရင် ပိုကောင်းပါတယ်။

လူတွေဟာ သင့်ဘဝထဲက နည်းပြဆရာတွေ ဖြစ်ပါတယ်။ ကောင်းတဲ့သူနဲ့ တွေ့တဲ့အခါ ကောင်းတဲ့အကျင့်ကို အတုယူနိုင်ပြီး မကောင်းတဲ့သူနဲ့ တွေ့တဲ့အခါ ဘာကို ရှောင်ရမလဲ သိသွားပါလိမ့်မယ်။

(၄) ပင်ကိုယ်အရည်အချင်းကောင်းတွေ ဖော်ထုတ်ပါ

ဘယ်သူ့စရိုက်ကိုမှ ပုံတူကူးမချလိုက်ပါနဲ့။ တခြားသူတွေဆီက ကောင်းတဲ့အချက်တွေကို ကိုယ့်ဘဝမှာ အသုံးချပါ။ ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်လက္ခဏာထဲက ထူးခြားပြီး စစ်မှန်တဲ့အရာတွေကိုတော့ ကိုယ့်ဘဝရဲ့ မီးရှုးတန်ဆောင်လို အမြဲမြင့်မြင့် မြှောက်ထားပါ။