အားလုံးပဲ မင်္ဂလာပါ။ ပျိုမေတို့အတွက် ဆောင်းရာသီမှာ Skin နဲ့ပက်သက်ပြီး တော်တော်များများကြုံရတတ်တဲ့ အသားအရေပြဿနာတွေနဲ့ ပြန်လည်ထိန်းသိမ်းနိုင်မယ့် သဘာဝနည်းတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ ဒီထဲမှာ သင်ကိုယ်တိုင်ကြုံနေရတဲ့အချက်လေးတွေပါနေရင် ပြန်သက်သာဖို့ တွဲပေးထားတဲ့နည်းလေးတွေသုံးပြီး ထိန်းသိမ်းကြည့်ပါနော်။
အသားခြောက်တာ
ဆောင်းရာသီရောက်တာနဲ့ အဖြစ်အများတာက အသားခြောက်တာပါပဲ။ ဒါကိုသက်သာဖို့ Skincare မှာဆိုရင် ရေဓာတ်များတဲ့ Moisturizer တစ်မျိုးရွေးပြီး မဖြစ်မနေသုံးပေးပါ။ သဘာဝနည်းတွေထဲမှာတော့ ရှားစောင်းလက်ပတ်၊ ပျားရည်နဲ့ နနွင်းမှုန့်တို့ကို သုံးနိုင်ပါတယ်။ ရှားစောင်းနဲ့ ပျားရည်က အစိုဓာတ်ဖြည့်ပေးပြီး အသားအရေကို တင်းရင်းစေက နနွင်းမှုန့်ရဲ့ အာနိသင်က ဆဲလ်သေတွေဖယ်ရှားနိုင်တာမို့ အသားအရေ စိုပြေစေမှာပါ။ အသားခြောက်တာသက်သာဖို့ ရှားစောင်းလက်ပတ် Gel လိမ်းတာ၊ ပျားရည်နဲ့ နနွင်းမှုန့်ရောပြီး ပေါင်းတင်တာမျိုး လုပ်နိုင်ပါတယ်။
အသားပတ်တာ
ဆောင်းလေအေးကြောင့် အသားခြောက်ခြင်းရဲ့ နောက်ဆက်တွဲကတော့ အရေခွံတွေလန်ပြီး အသားပတ်လာတာပါ။ အသားပတ်တာက မိတ်ကပ်နဲ့ဖုံးဖို့လည်းခက်ပါတယ်။ အသားပတ်လာတာကို သတိထားမိတာနဲ့ ပျက်စီးနေတဲ့ဆဲလ်သေတွေဖယ်ရှားနိုင်ဖို့ Exfoliate အာနိသင်ရှိတဲ့ မျက်နှာသစ်ဆေး အပျော့လေးသုံးပေးပါ။ Oat ဂျုံနဲ့ နွားနို့သုံးပြီး ပေါင်းတင်ပေးတာကလည်း ဆဲလ်သေတွေ ဖယ်ရှားနိုင်ဖို့ ကူညီပေးမှာပါ။
အသားပါးပြီး Sensitive ဖြစ်တာ
Photo Source: agelessglowskin.com
တစ်ခါတစ်လေ အအေးဒဏ်ကြောင့် အသားပါးပြီး နီမြန်းကာ Sensitive ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာတဲ့အခါ အစိုဓာတ်ရအောင် အသားပါးတဲ့နေရာတွေကို သန့်စင်ထားတဲ့ အုန်းဆီ၊ Tea Tree ဆီနဲ့ ထောပတ်ဆီ စတဲ့ သဘာဝအဆီတစ်မျိုး လိမ်းကြည့်ပါ။
နှုတ်ခမ်းကွဲတာ၊ အသားလန်တာ
ဆောင်းရာသီရောက်တိုင်း နှုတ်ခမ်းခြောက်တတ်တဲ့သူတွေက Lip Balm ပုံမှန်လေးသုံးပေးဖို့ မမေ့ပါနဲ့နော်။ သဘာဝနည်းအနေနဲ့ကတော့ ရှားစောင်းလက်ပတ်၊ ပျားရည်၊ အုန်းဆီတို့ကို ကွဲအက်နေတဲ့နှုတ်ခမ်းသားပေါ် မိနစ် ၂၀ မှ ၃၀လောက် ခပ်ပါးပါးလိမ်းပေးတာမျိုး လုပ်နိုင်ပါတယ်။
Photo Source: Pinterest
By MyStyle Myanmar