မိန်းကလေးတွေရော ယောကျ်ားလေးတွေရော မျက်နှာသစ်ပြီးတဲ့အခါ တဘက်နဲ့ မျက်နှာသုတ်ကြတာက ငယ်ငယ်ကတည်းက လုပ်လာကြတာမို့ လူတိုင်းအတွက်က မထူးတော့ပါဘူး။ ဒါပေမယ့် ကိုယ်အမြဲအသုံးပြုနေတဲ့ တဘက်မှာက မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ အညစ်အကြေးတွေက ကပ်ညိနေနိုင်ပြီး မျက်နှာနဲ့ထိတွေ့တဲ့အခါ ကူးစက်နိုင်ပါတယ်။ အဲ့ကနေမှ ကိုယ့်ရဲ့ မျက်နှာမှာ ဝက်ခြံ၊ ဆားဝက်ခြံ၊ နီရဲခြင်း၊ အဆီဖု စတဲ့ ပြဿနာတွေ ဖြစ်လာရတာပါ။

အခုလိုမျိုး ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေတဲ့ တဘက်တွေသုံးပြီး မျက်နှာသုတ်ပေးခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲဆိုတာကို ဒီဆောင်းပါးကနေပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

၁။ ဝက်ခြံဖြစ်စေခြင်း

ခန္ဓာကိုယ်အတွက်လည်း အသုံးပြုတဲ့ တဘက်ကို မျက်နှာအတွက်လည်း အသုံးပြုခြင်းက သင်ထင်ထားတာထက်ပိုပြီးတော့ ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ တဘက်တွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ကပ်ညိနေနိုင်လို့ ဒီတဘက်ကို မျက်နှာမှာ သုတ်လိုက်မယ်ဆိုရင် အသားအရေထဲကို ရွှေ့ပြောင်းလိုက်သလိုပါပဲ။ အဲ့ကနေမှ ဝက်ခြံတွေ၊ ချွေးပေါက်ပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။ မျက်နှာအတွက် တဘက်သီးသန့်တစ်ထည် သပ်သပ်ထားပေးမယ်ဆိုရင်တောင်မှ နေ့စဥ်မှန်မှန် မလျှော်ပေးနိုင်ဘူးဆိုရင်တော့ ဘာမှမထူးပါဘူး။

၂။ အိုမင်းရင့်ရော်မှု မြန်ဆန်စေခြင်း

ဈေးကွက်ထဲမှာ တဘက် အမျိုးအစား အစုံအလင်ရှိပါတယ်။ တချို့ဈေးနည်းနည်းပေါတာတွေကျ အသားကြမ်းပြီး မျက်နှာမှာ ပွတ်လိုက်မယ်ဆိုရင် အသားအရေကို ကိုယ်တောင်မသိလိုက်ဘဲ သေးငယ်တဲ့ ပွမ်းပဲ့ခြင်းတွေကို ဖြစ်စေပါတယ်။ ဒီလိုမျိုး မျက်နှာမှာ ဒဏ်ဖြစ်သွားရာကနေပြီး အရေးအကြောင်းတွေ ပေါ်ပေါက်လာရတာပါ။ တဘက် ခဏခဏ လျှော်လေလေ တဘက်အသားက ပိုယိုရွဲလာပြီး အသားအရေအတွက် မကောင်းလေပါပဲ။

၃။ Skincare ထိရောက်မှု လျော့နည်းစေခြင်း

မျက်နှာသစ်ပြီး မျက်နှာသုတ်တာက မှန်ကန်တဲ့လုပ်ရပ်ဆိုပေမယ့်လည်း Skincare ရှုထောင့်ကနေ ပြန်ကြည့်မယ်ဆိုရင်လည်း အတန်ငယ် လွဲမှားနေပါတယ်။ မျက်နှာစိုနေတာကို တစ်ခုခုသုံးပြီး မသုတ်ပေးဘဲ သူ့ဘာသာ ဒီအတိုင်း ရေခြောက်စေပြီးမှ Skincare လိမ်းပေးမယ်ဆိုရင် အသားအရေထဲကို စိမ့်ဝင်မှု ပိုမိုကောင်းမွန်စေပါတယ်။

၄။ အသားအရေကို ယားယံစေခြင်း

အကယ်လို့ သင်က Sensitive အသားအရေရှိတယ်ဆိုရင် တဘက်ကို ပိုလို့တောင်မှ အသုံးမပြုသင့်ပါဘူး။ စောနကပြောခဲ့သလိုပဲ တဘက်အသားကြမ်းကြမ်းနဲ့ မျက်နှာအသားအရေကို ပွတ်တိုက်မိမယ်ဆိုရင် အသားအရေ နီရဲပြီး ယားယံလာစေနိုင်ပါတယ်။

၅။ အဆီပြန်စေနိုင်ခြင်း

တဘက်အသားကြမ်းတွေက အသားအရေကို တင်းတင်းရင်းရင်းနဲ့ ကျန်းမာတဲ့အသွင်ပေါ်စေမယ့် သဘာဝအဆီတွေကို ဖယ်ရှားလိုက်သလို ဖြစ်နိုင်တာမို့ အတွင်းထဲကနေပြီး အဆိကိုပိုထုတ်ရလို့ မျက်နှာက အဆီပိုပြန်လာပါလိမ့်မယ်။

Source: Brightside