အိပ်ရာမဝင်ခင်မှာ မိတ်ကပ်မဖျက်ချင်တော့ဘဲ တစ်ခါတည်းတန်းအိပ်ပစ်ချင်လောက်အောင်အထိ ပင်ပန်းဖူးပါသလား။ အဲ့လိုပင်ပန်းတဲ့အခါတိုင်း မိတ်ကပ်မဖျက်ဘဲ တန်းအိပ်မယ်ဆိုရင် သင့်အသားအရေကို ထိခိုက်ပျက်စီးစေပြီး သင်မျှော်မှန်းထားတာထက် သင့်အသက်အရွယ်က လျင်မြန်စွာ အိုစာလာပါလိမ့်မယ်။ ညအိပ်ရာမဝင်ခင် မိတ်ကပ်မှန်မှန်ဖျက်ပေးမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့်အကျိုးကျေးဇူးလေးတွေကို ခံစားရမှာပါ။

အမဲစက်တွေရန်က ကာကွယ်ပေးတယ်

ဆယ်ကျော်သက်အရွယ်တွေပဲ ဟောမုန်းအပြောင်းအလဲကြောင့် အမဲစက်တွေဖြစ်ပေါ်တယ်လို့ ယူဆရင် သင်အမှားအကြီးကြီးမှားသွားပါလိမ့်မယ်။ အိပ်ခါနီးမျက်နှာမသစ်ရင်လည်း အမဲစက်တွေဖြစ်ပေါ်တတ်ပါတယ်။ ချွေးပေါက်လေးတွေ ပိတ်နေတဲ့အခါ ဝက်ခြံပေါက်ခြင်း၊ နီမြန်းရောင်ရမ်းခြင်းတွေ ခံစားရနိုင်ပါတယ်။ အကယ်၍ သင်က အမဲစက်တွေပေါက်နေတယ်ဆိုရင်တော့ အဆီမပါတဲ့အလှကုန်ပစ္စည်းများကို ရွေးချယ်အသုံးပြုပါ။

အိုမင်းရင့်ရော်မှုကို နှောင့်နှေးစေတယ်

သင်အိပ်ပျော်နေတဲ့အချိန်မှာ သင့်အသားအရေကဆဲလ်အသစ်တွေ ပြန်လည်ဖြစ်ပေါ်အောင်ပြုလုပ်ပေးရပါတယ်။ အဲ့ဒီလိုဆဲလ်အသစ်ပြန်လည်ဖြစ်ပေါ်အောင် အားဖြည့်နေရတဲ့အချိန်မှာ မျက်နှာကကြေးညှော်တွေကပ်ငြိနေမယ်၊ မိတ်ကပ်တွေမဖျက်ဘဲ ညစ်ပတ်နေမယ်ဆိုရင်တော့ အရေးအကြောင်းတွေဖြစ်ပြီး မြန်မြန်အိုစာသွားပါလိမ့်မယ်။

မျက်နှာအသားအရေကို အားပြန်ဖြည့်ပေးတယ်

ဆဲလ်လေးတွေက ညဘက်မှာအားပြန်ဖြည့်ရတာဆိုတော့ မိတ်ကပ်ဖျက်ပြီးတဲ့အခါ မျက်နှာသစ်မယ်၊ ပြီးရင် အသားအရေကို ရေဓာတ်ပြန်လည်ဖြည့်တင်းပေးပြီး Antioxidants တွေ ကြွယ်ဝစွာပါဝင်တဲ့ Moisturizer ကို အသုံးပြုပေးပါ။ အသားအရေအမြဲတမ်းကျန်းမာနေဖို့အတွက် အရည်အသွေးကောင်းတဲ့ မိတ်ကပ်ပစ္စည်းတွေအသုံးပြုဖို့လည်း မမေ့ပါနဲ့။

အရေပြားရောဂါမှ ကာကွယ်ပေးတယ်

မိတ်ကပ်မဖျက်ဘဲအိပ်တဲ့အခါ နှင်းခူရောဂါနဲ့ အခြားသောအရေပြားနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ပါတယ်။ ရောဂါလက္ခဏာက ချက်ချင်းသိသိသာသာပြတာမဟုတ်တဲ့အတွက်ကြောင့် သင်ဘာဖြစ်နေမှန်းတောင် သိလိုက်မှာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ အနီစက်တွေပေါ်လာမယ်၊ နေလောင်ဒဏ်လိုမျိုးနီရဲလာမယ်၊ ယားယံခြင်းတွေကလည်း တဖြည်းဖြည်းဆိုးရွားလာပါလိမ့်မယ်။

နှုတ်ခမ်းကို ရေဓာတ်ဖြည့်ပေးတယ်

နှုတ်ခမ်းနီက တစ်နေကုန်ခံတာမဟုတ်တဲ့အတွက် အိပ်ရာဝင်တဲ့အချိန်မှာ နှုတ်ခမ်းနီတွေအကုန်အစင်ပျက်သွားပြီလို့ မထင်လိုက်ပါနဲ့။ သင်မမြင်ရဘူးဆိုရင်တောင် နှုတ်ခမ်းနီထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေက သင့်ရဲ့နူးညံ့တဲ့နှုတ်ခမ်းကို ခြောက်သွေ့ကွဲအက်စေမှာပါ။ ဒါ့ကြောင့် မိတ်ကပ်အကုန်အစင်ဖျက်ပြီး နှုတ်ခမ်းနီကိုပါ ဖျက်ပစ်ရပါမယ်။

မျက်ကွင်းညိုခြင်း၊ မျက်အိတ်တွဲကျခြင်းမှ ကာကွယ်ပေးတယ်

မိတ်ကပ်မဖျက်ဘဲအိပ်တဲ့အခါ သင့်မျက်အိတ်က တဖြည်းဖြည်းညိုလာပြီး နောက်ပိုင်းမှ မဲလာပါလိမ့်မယ်။ မျက်လုံးနားမှာလည်း အရေးအကြောင်းတွေ မြန်မြန်ဆန်ဆန်ဖြစ်ပေါ်လာမှာမို့လို့ မိတ်ကပ်ဖျက်ပြီးမှ အိပ်ပါ။

မျက်တောင်ကျွတ်ခြင်းမှ ကာကွယ်ပေးတယ်

မာစကာရာမဖျက်ဘဲ အိပ်ရာဝင်တဲ့အခါ မျက်တောင်မွှေးလေးတွေခြောက်သွားပြီး မျက်တောင်ကျွတ်တတ်ပါတယ်။ မျက်ခွံယားယံခြင်း၊ ရောင်ရမ်းခြင်းကိုလည်း ဖြစ်စေပါတယ်။ ရေစိုခံ မျက်တောင်ကော့ဆေးမသုံးဘဲ ရိုးရိုးမျက်တောင်ကော့ဆေးသာသုံးပေးပါ။ ဒါမှ ဖျက်ရတာ လွယ်မှာမို့လို့ပါ။ မာစကာရာဖျက်တဲ့အခါမှာလည်း ဂွမ်းစလေးနဲ့ အသာအယာပွတ်တိုက်ပေးပါ။ စက်ဝိုင်းပုံစံ မပွတ်တိုက်ဘဲ ဒေါင်လိုက်ဖျက်ပေးပါ။ စက်ဝိုင်းပုံစံ မျက်တောင်ကော့ဆေးဖျက်တဲ့အခါ မျက်တောင်မွှေးကိုကျိုးကြေစေပြီး မျက်တောင်ကျွတ်တတ်လို့ပါ။

Source: Brightside.me