အရှေ့တောင်အာရှနိုင်ငံအများစုဟာ အိမ်တွင်းသို့မဝင်ခင် အိမ်အဝင်ဝမှာ ဖိနပ်ချွတ်လေ့ရှိကြပါတယ်။ ဒီအလေ့အကျင့်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ တကယ်လို့ ဖိနပ်ကို အပြင်မှာ မချွတ်ထားခဲ့ဘဲနဲ့ အပြင်စီးသွားတဲ့ဖိနပ်ကို အိမ်ထဲအထိ စီးလာမယ်ဆိုရင်တော့ အခုဖော်ပြမယ့် ဆိုးကျိုးများကို ခံစားရပါလိမ့်မယ်။

ဘက်တီးရီးယားပိုးမွှားများ အိမ်ထဲသို့ ဝင်ရောက်လာမယ်

သင့်ရဲ့ဖိနပ်က ဒီနေ့မှ ထုတ်ဝတ်ထားတဲ့ အသစ်ချပ်ချွတ်ဖိနပ်တစ်ရံ၊ ရွံ့ဗွက်တွေ ပေကျံနေတာမဟုတ်ဘဲ အသစ်အတိုင်း ဖြစ်နေပေမယ့်လည်း သင့်မျက်စိနဲ့ မမြင်ရတဲ့ ဘက်တီးရီးယားပိုးမွှားများ ကပ်ငြိနေနိုင်ပါတယ်။ သုတေသနလေ့လာချက်များအရ ပြင်ပမှ စီးခဲ့တဲ့ဖိနပ်ကို အိမ်တွင်းသို့ စီးခဲ့မယ်ဆိုရင် ဘက်တီးရီးယားပိုးမွှားများရဲ့ ၄၀ ရာခိုင်နှုန်းကို အိမ်တွင်းသို့ ခေါ်သွင်းလိုက်တာနဲ့ အတူတူပဲလို့ သိရှိရပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အစာအိမ်ရောင်ရမ်းခြင်းတို့ကို ခံစားရမှာပဲဖြစ်ပါတယ်။

ဖိနပ်မှာ ကပ်နေတဲ့ ပိုးမွှားများကြောင့် အသားအရေ ယားယံလာမယ်

အိမ်ထဲမှာ ဖိနပ်စီးချင်တယ်ဆိုရင်တော့ အပြင်သို့ ထုတ်မစီးမယ့် အိမ်တွင်းစီးဖိနပ်များ ထားရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်စီးဖိနပ်မှာ ကပ်ငြိနေတဲ့ ပိုးမွှားများကြောင့် အသားအရေ ယားယံခြင်း၊ မျက်စိယားခြင်းတို့ ခံစားရစေပြီး လေးဘက်ထောက်ကာ တွားသွားတတ်တဲ့ ကလေးငယ်လေးများရှိတဲ့ အိမ်ဆို ပိုဂရုစိုက်ရမှာ ဖြစ်ပါတယ်။ သူတို့သည် သူတို့မျက်စိထဲမှာရှိတဲ့ အရာများကို အကောင်းအဆိုးမှန်းမသိဘဲ တွေ့ကရာပါးစပ်ထဲ ကောက်ထည့်တတ်တဲ့အရာတွေ ဖြစ်တာကြောင့်ပါ။

ဖိနပ်ကြောင့် ခြေထောက်ပေါက်ခြင်း၊ ခြေထောက်နာခြင်း ခံစားရမယ်

လူအယောက်တစ်ရာမှာ ၂၈ ယောက်ကနေ ၃၇ ယောက်ခန့်ကပဲ ကိုယ်နဲ့ ကွက်တိတော်တဲ့ဖိနပ်ကို ဝတ်ဆင်ကြတာဖြစ်ပါတယ်။ ကျန်တဲ့သူတွေကတော့ ကိုယ့်ဖိနပ်ဆိုဒ်ထက် သေးတဲ့ ဖိနပ်ကို ဝတ်ဆင်ကြလေ့ရှိပြီး ခြေထောက်နာခြင်း ဝေဒနာကို ခံစားကြရပါတယ်။ အိမ်ထဲမှာ တစ်နေ့ ကုန်ဖိနပ်စီးတဲ့အခါ ခြေထောက်နာခြင်းဝေဒနာသည် ပိုဆိုးလာတတ်ပါတယ်။ ခြေသည်းတွေလည်း အရှည်နှေးလာပြီး ခြေထောက်လည်း မလှမပဖြစ်လာတတ်ပါတယ်။

အိမ်သန့်ရှင်းရေးအတွက် အချိန်ပိုပေးရမယ်

အိမ်ထဲမှာ ဖိနပ်စီးတာဖြစ်တဲ့အတွက်ကြောင့် သင့်အိမ်ကြမ်းပြင်မှာ အညစ်အကြေးတွေ ကပ်ငြိနေမှာဖြစ်ပါတယ်။ ထို့အတွက် အိမ်သန့်ရှင်းရေးလည်း ပိုလုပ်ရမှာဖြစ်ပါတယ်။

ကိုယ့်အိမ်လာတဲ့ ဧည့်သည်များကို အိမ်အပြင်မှာ ဖိနပ်ချွတ်ခဲ့အောင် ဘယ်လိုလုပ်ရမလဲ

အိမ်အဝင်ဝမှာ “ကျေးဇူးပြု၍ ဖိနပ်ချွတ်ပါ” ဆိုတဲ့ ဆိုင်းဘုတ်လေး ချိတ်ဆွဲထားနိုင်သလို သင့်အိမ်အဝင်ဝရှိ ခြေသုတ်ခုံမှာ ထိုစာလုံးမျိုး ပုံဖော်ထားတဲ့ ခြေသုတ်ခုံလေး ထားရှိလိုက်ပါ။ အိမ်အဝင်ဝမှာ ဖိနပ်စင်သပ်သပ် ထားရှိခြင်း၊ ဖိနပ်များအတွက် သီးသန့်နေရာပေးထားခြင်းမျိုးတို့ကို ပြုလုပ်ထားနိုင်ပါတယ်။

Source: Brightside.me