သင်က အစား စားနေစဉ်မှာ ဖုန်းသုံးတတ်တဲ့သူလား။ ဒါမှမဟုတ် ထမင်းစားရင်း တီဗွီကြည့်တတ်သူလား။ ဒါမှမဟုတ် Laptop သုံးရင်း ထမင်းစားတတ်တဲ့သူလား။

အခုခေတ်လူငယ်များက ထမင်းစားတဲ့အခါ ထမင်းစားပွဲမှာ မစားကြတော့ဘဲ အလုပ်များလွန်းသောကြောင့်သော်လည်းကောင်း၊ စိတ်လက်အပန်းဖြေဖို့အတွက်သော်လည်းကောင်း Laptop လေးသုံး၊ ဖုန်းသုံးပြီး ထမင်းစားတတ်ကြပါတယ်။

ထိုအမူအကျင့်ကြောင့် အခုဖော်ပြမယ့် ကျန်းမာရေးဆိုးကျိုးများကို ခံစားရနိုင်ပါတယ်။

အစာမကျေဖြစ်ခြင်း

အစားစားစဉ်မှာ စနစ်တကျထိုင်ပြီး စိတ်လျော့ကာ စားသုံးခြင်းက သင် စားလိုက်တဲ့အစားအစာကို အလွယ်တကူ ချေဖျက်ပေးနိုင်ပါတယ်။ Laptop နဲ့ ဖုန်းသုံးခြင်းက အစာကို ဝါးမစားတော့ဘဲ အနှောင့်အယှက်ပေးတာကြောင့် သင့်ကို အစာမကျေ ဖြစ်စေပါလိမ့်မယ်။

အစားအစားများကို ဘယ်လောက်များများ စားလိုက်ကြောင်း သိတော့မှာမဟုတ်ဘူး

သင်က အလုပ်နှစ်ခုကို တစ်ပြိုင်နက်တည်း ပြုလုပ်တဲ့အခါ တစ်ခုတည်းကိုပဲ အာရုံစိုက်ဖို့ ခက်သွားပါတယ်။ ဒါ့ကြောင့် ထမင်းစားရင်း တီဗွီကြည့်လေ့ရှိသူများ၊ ဖုန်းသုံးတတ်သူများက အခြားသူများနဲ့ ယှဉ်ရင် အဝလွန်ရောဂါကို ခံစားရနိုင်ချေ ပိုများပါတယ်။

မြန်မြန်စားတတ်ခြင်း

အစားအစာများကို စိတ်အေးလက်အေးနဲ့ စားသောက်ခြင်းက သင့်ရဲ့အစာချေစနစ်အတွက်သာမက သင့်ကျန်းမာရေး၊ ကိုယ်အလေးချိန်၊ အာဟာရ ရရှိနှုန်းအတွက်လည်း ကောင်းပါတယ်။ Laptop သုံးရင်း အစား စားတဲ့အခါ အမြန်စားမှန်းမသိ စားမိစေပါတယ်။

ဗိုက် မပြည့်သလို ခံစားရခြင်း

တီဗွီကြည့်ရင်း အစား စားသူများက မိမိစားတဲ့ အစားအစာပေါ်မှာ အာရုံမရှိတော့တဲ့အတွက်ကြောင့် အစား စားပြီးတာတောင်မှ ဗိုက်မပြည့်သလို ခံစားရပြီး အစား စားချင်စိတ်ကလည်း ရပ်တန့်သွားမှာမဟုတ်ပါဘူး။

ကျန်းမာရေးနဲ့ မညီညွှတ်သော အသင့်စား အစားအစာများကို အလွန်အကျွံ စားသုံးမိခြင်း

ကိုရီးယားကား ကြည့်ရင်း အစားစားတတ်သူများအနေနဲ့ ကိုရီးယားကားထဲမှာ ပါဝင်တဲ့ စားကောင်းသောက်ဖွယ်များကို သွားရေယိုလေ့ရှိကြပါတယ်။ ကိုရီးယားကားထဲကအတိုင်း ကြက်ကြော်၊ ဟမ်ဘာဂါ၊ အာလူးချောင်းကြော်များကို စားချင်လာပြီး နောက်တစ်ခေါက် အစား စားတဲ့အခါ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အစားအစာထက် ထိုအစားအစာများကိုပဲ စားသုံးမိလာပါလိမ့်မယ်။

ကလေးငယ်များအတွက်ဆို ပိုအန္တရာယ်ရှိခြင်း

ကလေးငယ်များကို တီဗွီကြည့်ပြီး အစာ ခွံ့ခြင်းက သူတို့ရဲ့ကြီးထွားမှုနဲ့ ကျန်းမာရေးကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အစား ကျွေးရခက်တဲ့ ကလေးငယ်များဆိုရင် ပိုဆိုးတတ်ပါတယ်။ ဒါ့ကြောင့် သူတို့ကို ထမင်းစားချိန်မှာ ဖုန်းမသုံးရ၊ တီဗွီမကြည့်ရဆိုပြီး ကန့်သတ်ထားသင့်ပြီး သူတို့ရဲ့မျက်စိ မထိခိုက်ဖို့ရန်အတွက် Screen Time ကို တတ်နိုင်သမျှ လျော့ချသင့်ပါတယ်။

Source: Brightside.me