အပြစ်ပြောတတ်တဲ့သူတွေရဲ့အကြားမှာ အပြစ်ပြောစရာဆိုတာ အမြဲရှိတတ်ကြပါတယ်။ အပြစ်ပြောစရာတွေကလည်း အများကြီး ရှိတတ်ပါတယ်။ အခုခေတ်မှာဆို ခန္ဓာကိုယ် ပိန်တာ ၊ ဝတာကိုပါ ရှုံ့ချပြောဆိုတတ်တဲ့ Body Shaming ဆိုတာမျိုးပါ လုပ်လာပါပြီ။ Body Shaming လုပ်တာဟာ အတင်းပြောတာ၊ သိက္ခာချတာလိုမျိုး အောက်တန်းကျတဲ့ လုပ်ရပ်ဖြစ်ပြီး Body Shaming လုပ်သူတွေကို ယဉ်ကျေးမှုမရှိတဲ့သူတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။

ကိုယ့်ကို Body Shaming လာလုပ်ရင်လည်း သည်းခံစရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတဲ့ အကြောင်းပြချက်တွေထဲက တစ်ချို့ကို ပြောပြချင်ပါတယ်။

(၁) သင့်မှာ ပင်ကိုယ်ထူးခြားမှု ရှိပါတယ်

ခွဲမရအောင် တူပါတယ်ဆိုတဲ့ အမွှာတွေမှာတောင် မတူကွဲပြားတဲ့ ပင်ကိုယ်ဟန်တွေ ရှိပါတယ်။ သင့်ရဲ့ ပင်ကိုယ်ဟန်ဟာ သင့်ရဲ့ အမှတ်တံဆိပ်လက္ခဏာဖြစ်ပြီး တစ်ခြားသူတွေ တုပလို့မရတဲ့ အရာ ဖြစ်ပါတယ်။ ဒါကို တန်ဖိုးထားရပါမယ်။ တစ်ခြားသူတွေနဲ့ ကွဲပြားတဲ့ ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားတာ ရှက်စရာမဟုတ်ပါဘူး။ တကယ်လို့ သင့်ကိုယ်ခန္ဓာနဲ့ ပတ်သက်ပြီး တစ်ယောက်ယောက်အတွက် ပြဿနာ ဖြစ်နေတယ်ဆိုရင် အဲ့ဒီပြဿနာဟာ သင်နဲ့ မဆိုင်ပါဘူး။

(၂) ဘာပဲဖြစ်ဖြစ် ကျန်းမာတယ်

သင့်ကိုယ် ဘယ်လိုပဲ ဝေဖန်ဝေဖန် သင်ဟာ ကျန်းမာပျော်ရွှင်နေတယ်ဆိုရင် ဘယ်သူ့ရဲ့ အမြင်ကိုမှ ဂရုစိုက်စရာ မလိုပါဘူး။ ကျန်းမာရေးထိခိုက်စေမယ့် အလုပ်တွေ မလုပ်ဘူး။ တတ်နိုင်သလောက် ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်နေတယ်ဆိုရင် သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အပုပ်ချပြောသူတွေရဲ့ စကားကို လက်ခံစရာမလိုပါဘူး။

(၃) စိတ်ထားလှတယ်

အရေပြားပေါ်က ကိစ္စလောက် စိတ်ဝင်စားသူတွေအတွက် စိတ်နေသဘောထား မြင့်မြတ်ကောင်းမွန်တဲ့သူတစ်ယောက်ရဲ့ အဖိုးတန်မှုကို အကဲဖြတ်နိုင်မှာ မဟုတ်ဘူးလို့ သိထားပါ။ သင့်ကိုယ်တွင်းထဲက စိတ်ရင်းစေတနာက မြင့်မြတ်ကောင်းမွန်တယ်ဆိုရင် ရုပ်ကိုယ်ခန္ဓာအချိုးကျမကျ ပြဿနာဟာ ခေါင်းထဲ ထည့်ထားစရာကို မလိုပါဘူး။ လောကကောင်းကျိုးဆောင်သွားတဲ့သူတွေဟာ ကိုယ်ဟန်ပြမောင်တွေ မယ်တွေ မဟုတ်ဘူးဆိုတာ မှတ်ထားပါ။

(၄) သင့်သတ္တိကို ထုတ်ပြခွင့်ရတယ်

Body Shaming လုပ်ခံရတိုင်း သင့်ရဲ့ ရပ်တည်ချက်နဲ့ သင့်ရဲ့သတ္တိကို ထုတ်ပြခွင့်ရတယ်လို့ အောက်မေ့ပါ။ သင့်အတွက်သင် တိုက်ခိုက်နိုင်ပါတယ်။ ကိုယ်မကြိုက်တဲ့အရာတစ်ခု ကိုယ့်ကို ဦးတည်လာရင် သင့်မှာ ရင်ဆိုင်ကာကွယ်ခွင့်ရှိပါတယ်။ ဒီနည်းနဲ့ သင်ဟာ စိတ်ဓါတ်ကြံ့ခိုင်သူတစ်ယောက်အဖြစ် လူတွေအကြားမှာ မားမားမတ်မတ် ထွက်ပြနိုင်ပါတယ်။