သီချင်းနားထောင်ခြင်းဟာ စိတ်ခံစားမှုစွမ်းရည်ကို မြှင့်တင်ပေးနိုင်စွမ်း ရှိပါတယ်။ ဂီတဟာ လူရဲ့ စိတ်ကို နူးညံ့ညွှတ်ပြောင်းစေသလို စိတ်အာရုံကိုလည်း စုစည်းအောင် အကူအညီပေးနိုင်ပါတယ်။

အခုနောက်ပိုင်းမှာ ဂီတကို ပညာသင်ကြားရေးမှာပါ အသုံးချလာပြီ ဖြစ်ပါတယ်။ ရုံးမှာဖြစ်ဖြစ် အိမ်မှာပဲ ဖြစ်ဖြစ် အလုပ်လုပ်နေရပြီဆိုရင်လည်း သီချင်းသံလေး တိုးဖွဖွ ဖွင့်ထားခြင်းအားဖြင့် လူလည်း နိုးကြားတက်ကြွစေသလို စိတ်စုစည်းမှုလည်း တက်လာမှာပါ။ ရုံးမှာတော့ သီချင်းကို ဒီအတိုင်း ဖွင့်ထားတာထက် တခြားသူတွေ အနှောင့်အယှက်မဖြစ်ရအောင် Headphone လေးနဲ့ နားထောင်ရမှာ ဖြစ်ပါတယ်။

Photo : Robert Half

အလုပ်ခွင်သဘောအရ တစ်ချို့ ရုံးတွေမှာ တစ်ယောက်တည်း အေးအေးဆေးဆေး သီချင်းတစ်ပုဒ်လောက်တောင် နားထောင်ဖို့ မဖြစ်နိုင်ပေမယ့် တစ်ချို့အလုပ်တွေကတော့ သီချင်းလေး တအေးအေးနဲ့ အလုပ်လို့ ရပါတယ်။ သီချင်းနားထောင်ရင်း Mood အပြည့်နဲ့ အလုပ်လုပ်ရတဲ့ အလုပ်မျိုး လုပ်သူတွေအတွက်ကတော့ အဆင်ပြေပါတယ်။

တကယ်လို့ ရုံးထဲမှာ ဘေးနားက အသံတွေ ဆူညံနေလို့ အလုပ်ထဲ အာရုံသွင်းမရဘူးဆိုရင် နားကြပ်လေး ကောက်တပ်လိုက်ပြီး သီချင်းကောင်းလေး တစ်‌ပုဒ်လောက် ဖွင့်နားထောင်ကြည့်ပါ။ ဆူညံပေါက်ကွဲနေတဲ့ အလုပ်ခွင်မျိုးမှာ ငြိမ့်ညောင်းသာယာတဲ့ ဂီတသံစဉ်နဲ့ သီချင်းတွေ နားထောင်သင့်ပါတယ်။

ဒီလိုသီချင်းမျိုး နားထောင်ခြင်းအားဖြင့် စိတ်ဖိစီးမှု သက်သာစေပြီး လူကို တည်ငြိမ်စူးစိုက်မှု ဖြစ်စေမယ့် ဒိုဖာမိန်းဓါတ်တွေ ပိုထုတ်နိုင်ပါတယ်။ ကိုယ့်အလုပ်က တစ်ခုခုကို ထပ်တလဲလဲ လုပ်နေရတဲ့ အလုပ်မျိုးဆိုရင် တီးလုံးသက်သက် သံစဉ်မျိုး ဖွင့်ထားသင့်ပါတယ်။ စိတ်စုစည်းမှု ရှိအောင် Instrumental တီးလုံးတွေ ၊ ရေစီးသံ /ငှက်အော်မြည်သံတို့လို Natural Sounds နဲ့ Jazz ၊ Classic သီချင်းတွေ နားထောင်သင့်ပါတယ်။

Photo : Inspirationfeed

သီချင်းတွေဟာ ဆီရိုတိုနင်နဲ့ နိုရီပိုင်ဖရင်းတို့လို အာရုံကြောလေးတွေကို နိုးကြားစေပါတယ်။ ဒီလိုနိုးကြားခြင်းအားဖြင့် အလုပ်လုပ်ရတာ ပိုပြီး သွက်လက်ပျော်ရွှင်စေသလို အမှားတွေလည်း နည်းစေနိုင်ပါတယ်။ သီချင်းနားထောင်ခြင်းဟာ စိတ်ခွန်အားကို ဖြည့်နေတာလည်း ဖြစ်ပါတယ်။