ကြင်စဦးမောင်းနှံတွေက မင်္ဂလာဆောင်ပြီးပြီးချင်မှာပဲ ဟန်းနီးမွန်းခရီး ထွက်လေ့ရှိကြပါတယ်။ ဒါမှမဟုတ်လည်း မင်္ဂလာဆောင်ပြီး တစ်ရက်၊ နှစ်ရက်အကြာမှာ ဟန်းနီးမွန်းထွက်လေ့ရှိကြပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ချက်ချင်း ခရီးထွက်ခြင်းကို ယနေ့ခေတ်မှာ မပြုလုပ်သင့်တော့ပါဘူး။ ကြင်စဦး မောင်နှံများအနေနဲ့ မင်္ဂလာဆောင်ပြီး လအနည်းငယ်လောက် ကြာမှသာလျှင် ဟန်းနီးမွန်းခရီး ထွက်သင့်ပါတယ်။

အချို့ကလည်း မင်္ဂလာဆောင်ပြီး လအနည်းငယ်ကြာမှ ဟန်းနီးမွန်းခရီး ထွက်ခြင်းက ရူးနှမ်းနှမ်း အိုင်ဒီယာတစ်ခုပဲဆိုပြီးတော့ ယူဆကြပါတယ်။ တကယ်တော့ ဒါဟာ ရူးနှမ်းနှမ်း အတွေးအခေါ်တစ်ခု မဟုတ်ပါဘူး။ အထူးသဖြင့် ယနေ့ခေတ်လို အခြေအနေမျိုးမှာ ထိုရွေးချယ်မှုကို ပြုလုပ်သင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ အကြောင်းအရင်းများကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

ပိုက်ဆံစုဖို့ အချိန်ပိုရလို့

မင်္ဂလာဆောင် အခမ်းအနားတွေ၊ ဧည့်ခံပွဲတွေ ပြုလုပ်ရတာဟာ ပိုက်ဆံအမြောက်အမြား ကုန်ကျတဲ့ အစီအစဉ်၊ အခမ်းအနားတစ်ခုပဲဖြစ်ပါတယ်။ စုံတွဲတွေလည်း မင်္ဂလာဆောင်ဖို့အတွက် အသည်းအသန်စုကြရတဲ့အတွက်ကြောင့် ဟန်းနီးမွန်းထွက်ဖို့အတွက် ပိုက်ဆံမကျန်တော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ ဟန်းနီးမွန်းခရီးကို ဖြစ်သလိုပဲ ထွက်လိုက်ရပါတော့တယ်။

တစ်သက်မှာ တစ်ခါသာထွက်ရမယ့် ပျားရည်ဆမ်းခရီးကို ကောင်းကောင်းမွန်မွန်လေး သွားလာချင်တယ်ဆိုရင်တော့ ပိုက်ဆံပြန်စုဖို့ အချိန်ပြန်ပေးရမှာဖြစ်ပါတယ်။ ဒါမှသာလျှင် ကိုယ်သွားချင်တဲ့နေရာ၊ အသုံးပြုချင်တဲ့ ဘတ်ဂျက်နဲ့ တွက်ချေကိုက်နေမှာဖြစ်ပါတယ်။

အလုပ်ကနေ ရက်ကြာကြာ ပိတ်ရက်ရခြင်း

ကိုယ် မင်္ဂလာဆောင်တဲ့ရက်နဲ့ ရုံးပိတ်ရက်ရှည် ရဖို့ဆိုတာ ဘယ်လိုမှ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ တချို့ကလည်း တစ်ရက်၊ နှစ်ရက်လောက် ခွင့်ယူပြီး ဟန်းနီးမွန်းကို မဖြစ် ဖြစ်အောင် သွားကြပါတယ်။ ထိုကဲ့သို့ ခွင့်ယူကာ တစ်ရက် နှစ်ရက်တည်း ခရီးသွားမယ့်အစား ရုံးပိတ်ရက်ရှည်ကို စောင့်ဆိုင်းပြီးမှ ဟန်းနီးမွန်းထွက်မယ်ဆိုရင် လစာမဲ့ခွင့်ယူရတာမျိုးလည်း ရှိတော့မှာမဟုတ်ဘဲ နှစ်ယောက်သား ပျော်ပျော်ပါးပါးနှင့် စိတ်လွတ်လက်လွတ် ခရီးသွားနိုင်မှာပဲဖြစ်ပါတယ်။

ပြင်ဆင်ချိန် များများရခြင်း

မင်္ဂလာပွဲကို ပြင်ဆင်ရခြင်းက စိတ်ဖိစီးစရာကောင်းပြီး တစ်ခါတစ်လေမှာ စိတ်ညစ်ရပါလိမ့်မယ်။ ထိုစိတ်ဖိစီးစရာတွေ ကြားထဲ ဟန်းနီးမွန်းကိစ္စကိုပါ ထပ်ပေါင်း မထည့်ချင်ဘူးဆိုရင်တော့ လအနည်းငယ်လောက်ကြာမှသာ ဟန်းနီးမွန်းထွက်သင့်ပါတယ်။ ဒါ့ကြောင့်မို့လို့ မင်္ဂလာဆောင်ပြီးတဲ့အခါ သေချာအချိန်ယူပြီး ပျားရည်ဆမ်းခရီးအတွက် ဘယ်ကို သွားချင်သလဲ၊ ဘယ်မှာ တည်းခိုအနားယူချင်သလဲ ဆိုတာကို သေသေချာချာ အချိန်ယူကာ စဉ်းစားသင့်ပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ ခံစားချက်မျိုးကို ခံစားရခြင်း

နေ့စဉ် ရုံးတက် ရုံးဆင်းနဲ့ ပင်ပန်းနွမ်းနယ်ရချိန်မှာ နောက်သုံးလနေရင်၊ နောက်ခြောက်လနေရင် ပျားရည်ဆမ်းခရီးသွားရမယ်ဆိုတဲ့ စိတ်ကူးက ပျော်ရွှင်စရာကောင်းမှာပဲ ဖြစ်ပါတယ်။ ရုံးအလုပ်များကြောင့် ဘယ်လောက်ပင်ပန်းနေပါစေ ကိုယ့်ရဲ့ ကိုယ်ပိုင် ပျော်စရာလေးလည်း ရှိတဲ့အတွက်ကြောင့် စိတ်ဖိစီးစရာတွေလည်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် မင်္ဂလာဆောင်ပြီးချိန်မှာ နှစ်ယောက်အတူတူ ဘဝသစ်တစ်ခုကို အေးအေးဆေးဆေး အစပြုပါ။ ထို့နောက် နှစ်ယောက်အတူတူ ဘဝသစ်ကို အသားကျအောင် ကြိုးစားနေချိန်မှာ ပျားရည်ဆမ်းခရီးကို မိမိစိတ်ကူးဖြင့် မျှော်လင့်ထားနိုင်ပါတယ်။

စိတ်အေးချမ်းသာစွာနဲ့ အနားယူနိုင်ခြင်း

မင်္ဂလာဆောင်မယ့် နေ့ရက်မှာ လှလှပပနဲ့ အရာအားလုံး ပြီးပြည့်စုံနေဖို့ရန်အတွက် စီစဉ်ရတာဟာ စိတ်ပင်ပန်းဖွယ်ကောင်းလှပါတယ်။ မင်္ဂလာဆောင်ပြီးပြီးချင်းမှာပဲ ပျားရည်ဆမ်းခရီးထွက်တဲ့အခါ ပျားရည်ဆမ်းခရီးရဲ့ အနှစ်သာရက မှေးမှိန်သွားနိုင်ပြီး ပိုပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။ ဒါ့ကြောင့် မင်္ဂလာဆောင်ပြီးတဲ့အခါ နှစ်ဦးသား ပုံမှန်နေ့ရက်တွေကို ဖြတ်သန်းသလိုပဲ ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်ပါ။ လအနည်းငယ်ကြာပြီးမှ ပျားရည်ဆမ်းခရီးထွက်မယ်ဆိုရင်တော့ ပိုမိုပျော်ရွှင်ရမှာပဲ ဖြစ်ပါတယ်။

မိသားစုဝင်များ၊ ဆွေမျိုးများနှင့် အချိန်ပေးနိုင်ခြင်း

ဆွေမျိုးတွေ ဆိုသည်မှာ တနယ်တကျေးဆီ နေကြတာများပါတယ်။ သင့် မင်္ဂလာပွဲကို ဂုဏ်ပြုချင်တဲ့အတွက် သူတို့ရဲ့ နေအိမ်ကနေ သင့်ဆီသို့ ခရီးဆက်လာခဲ့ကြတာပါ။ ဒါ့ကြောင့် သူတို့လည်း မင်္ဂလာပွဲပြီးပြီးချင်းမှာ ပြန်ရမယ်ဆိုရင် ခရီးပန်းတာမျိုးလည်း ကြုံရမယ့်အပြင် ကြင်စဦးမောင်နှံရဲ့ ချစ်စဖွယ်အပြုအမူများကိုလည်း မြင်တွေ့ချင်ကြဦးမှာပါ။

ကိုယ့်ရဲ့ဆွေမျိုးတွေ၊ ညီအစ်ကို မောင်နှမတွေကို အချိန်မပေးနိုင်ဘဲ ချက်ချင်း ဟန်းနီးမွန်းထွက်လိုက်ရတယ်ဆိုရင်လည်း သင့်အတွက် စိတ်မကောင်းစရာတစ်ခုလို ဖြစ်သွားမှာပါပဲ။ ဒါ့ကြောင့် မိမိရဲ့ ဆွေမျိုးများ၊ ညီအစ်ကို မောင်နှမများက တစ်ရက်တစ်လေလောက် နေချင်သေးတယ်ဆိုရင် ဧည့်တောင့်ဧည့်ခံပြုပေးနိုင်ဖို့ရန်အတွက် ချက်ချင်း ဟန်းနီးမွန်း မထွက်သင့်ပါဘူး။

သတိထားရမယ့် အချက်များ

လအနည်းငယ်ကြာမှ ပျားရည်ဆမ်းခရီးထွက်သင့်တယ်ဆိုပေမယ့် တစ်နှစ်၊ နှစ်နှစ်ကြာမှ ခရီးထွက်တာမျိုးကတော့ ရှောင်ကြဉ်သင့်ပါတယ်။ နို့မဟုတ်ရင် ပျားရည်ဆမ်းခရီးနဲ့ မတူဘဲ ရိုးရိုးခရီးထွက်တဲ့ ပုံစံမျိုးဖြစ်သွားပါလိမ့်မယ်။ သင်တို့နှစ်ဦးသားအတွက်လည်း ပျော်စရာကောင်းပြီး ရိုမန့်တစ်ဆန်တဲ့ အချိန်လေးတွေ တဖြည်းဖြည်း ပျောက်ဆုံးသွားပါလိမ့်မယ်။

အကောင်းဆုံးကတော့ မင်္ဂလာဆောင်ပြီး ၃ လကနေ ၆ လအတွင်း ပျားရည်ဆမ်းခရီးသွားခြင်းပဲ ဖြစ်ပါတယ်။ ဒါဆိုရင် မင်္ဂလာ ကြင်စဦးမောင်နှံများအနေနဲ့ နှစ်ဦးသား စိတ်ကူးယဉ်ဆန်ပြီး ရိုမန့်တစ်ဆန်ဆန်အချိန်လေးကို အကောင်းဆုံး  ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

Source: Brightside.me