ယနေ့ခေတ်မှာ မိန်းကလေးတွေ ချစ်သူရည်းစားထားဖို့ စဉ်းစားတဲ့အခါ မောင်လေးတွေကိုလည်း သူတို့ရဲ့ စီရီယာနံပါတ်ထဲမှာ ဦးစားပေး ထည့်သွင်းလာ ကြပါပြီ။ ဒါပေမဲ့လည်း မောင်လေးတွေထက် ကိုကိုတွေကို သူတို့က ပိုစိတ်ဝင်စားကြတုန်းပါပဲ။ ဒါက ဘာ့ကြောင့်များပါလိမ့်။

အခုဖော်ပြပေးမယ့် အချက်လေးတွေကြောင့် ကိုကိုတွေကို သူတို့ရဲ့ လက်တွဲဖော်အဖြစ် ဦးစားပေးရွေးချယ်ရခြင်းပဲဖြစ်ပါတယ်။

ကိုကိုတွေက ပိုပြီး ရင့်ကျက်ကြတယ်

အမျိုးသမီးတွေက အမျိုးသားတွေက ပိုပြီး ရင့်ကျက်လွယ်ကြပါတယ်။ ကိုယ့်ထက်ငယ်တဲ့ မောင်လေးတွေကို ရွေးချယ်မိမယ်ဆိုရင် ကလေးဆိုး ဆိုးတာကို ခံနေရဦးမှာပါ။ အမျိုးသမီးတွေက အသက်တစ်နှစ်ကြီးလာတာနဲ့အမျှ တည်ငြိမ်တဲ့ဘဝ၊ ရင့်ကျက်တဲ့ အဖော်မွန်တစ်ယောက်ကို အလိုရှိနေကြတာဖြစ်ပါတယ်။

ကိုကိုတွေက ဘယ်ဟာက ဘယ်လိုဆိုတာ သိကြတယ်

ရင့်ကျက်တဲ့ ကိုကိုတွေဆိုတာ ဘဝမှာ အခက်အခဲပေါင်းစုံ အတားအဆီးပေါင်းစုံကို ကျော်ဖြတ်ပြီးသွားပြီဖြစ်ပါတယ်။ ဘဝသင်ခန်းစားတွေ တစ်ပွေ့တစ်ပိုက်နဲ့မို့ ကိုယ့်ချစ်သူကောင်မလေးကိုလည်း သေချာလမ်းညွှန်ပေးမယ့် သူတွေပဲဖြစ်ပါတယ်။

ကိုကိုတွေက ကိုယ့်ကောင်မလေးက ဘာလိုချင်သလဲဆိုတာ သိကြတယ်

သင့်အနေနဲ့ သင့်ကိုကိုကို အရိပ်အမြွက်လေး ပြလိုက်တာနဲ့ ချက်ဆို နားခွက်က မီးတောက်ဆိုသလို ဒက်ခနဲ သိတတ်သူတွေပါ။ ဒီလိုအလိုက်သိတတ် သူတွေကို ကောင်မလေးတွေကပိုကြွေကြပါတယ်။

ငွေရေးကြေးရေးအရလည်း တည်ငြိမ်နေကြပြီဖြစ်တယ်

Source: Shutterstock

ကိုကိုတွေဆိုတာ အသက်ငယ်ငယ်ကောင်လေးတွေလိုများ မိဘဆီက မုန့်ဖိုးမယူတတ်ကြတော့ပါဘူး။ ချစ်သူသက်တမ်းကြာလာလို့ အိမ်ထောင်တစ်ခု ထူထောင်တဲ့အခါ ချစ်နေရုံနဲ့ မပြီးပါဘူး။ “တူနှစ်ကိုယ် တဲအိုပျက်” မှာဆိုတဲ့ ခေတ်က ယနေ့ခေတ်လို မိန်းမရော၊ ယောကျာ်းပါ ငွေထွက်ရှာနေရပြီး ရုန်းကန်နေရတဲ့ ခေတ်ကြီးထဲမှာ အသုံးမဝင်တော့ပါဘူး။ ဒါ့ကြောင့် ကလေးဆန်တဲ့ မောင်လေးတွေထက် ရင့်ကျက်တည်ငြိမ်တဲ့ကိုကိုတွေက မဲပိုများနေတာပဲဖြစ်ပါတယ်။

ပါရမီဖြည့်ဖက်ကောင်းတွေ ဖြစ်ကြတယ်

ရင့်ကျက်တည်ငြိမ်သူဆိုတာ တစ်ဖက်သူအပေါ် ဘယ်လိုယုံကြည်မှုထားရမလဲ၊ လွတ်လပ်ခွင့် ဘယ်လိုပေးရမလဲ၊ ဘယ်လိုဂရုစိုက်ရမလဲ၊ စိတ်ရှည်ရမလဲ စတာတွေ အကုန်လုံးကို သိနားလည်ကြပါတယ်။ ချစ်လွန်းလို့ ချုပ်ချယ်တယ်ဆိုတာထက် လွတ်လပ်ခွင့်ပေးသင့်ရင်လည်း ပေးတတ်ကြပါတယ်။

ကိုယ့်ဇနီးမယား အိမ်သူသက်ထားကို အိမ်အလုပ်တွေ ဝိုင်းလုပ်ပေးတတ်တယ်

Source: Shutterstock

အိမ်ထောင်ပြုပြီးတဲ့အခါ မိန်းမဖြစ်သူက အိမ်အလုပ်တစ်ဖက် ရုံးအလုပ်တစ်ဖက်နဲ့ တစ်ယောက်တည်းနဲ့ မနိုင်မနင်းဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကိုကိုတွေက ကိုယ် သက်သာရင်ပြီးရောဆိုပြီး မျက်နှာလွှဲ ခဲပစ်မလုပ်တတ်ကြပါဘူး။ အိမ်မှုကိစ္စတွေကိုလည်း မောင်တစ်ထမ်း၊ မယ်တစ်ရွက် ကူညီတတ်ပါသေးတယ်။

ကိုကိုတွေက ဒရာမာ ခင်းမနေတတ်ကြပါဘူး

ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရပြီဆိုရင် ဆယ်ကျော်သက် မနူးမနပ်အရွယ်တွေလို ဒရာမာ ခင်းနေမယ့်အစား နှစ်ဦးသား မျက်နှာချင်းဆိုင် သေသေချာချာဆွေးနွေးတိုင်ပင်ပြီး ပြဿနာကို အတူတူရင်ဆိုင်ဖြေရှင်းကြမှာပဲဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ငြင်းခုန်အော်ဟစ်နေခြင်းက အခြေအနေကို ပိုဆိုးစေတယ်ဆိုတာကိုလည်း သိပြီးသားဖြစ်ကြပါတယ်။

လုံခြုံစိတ်ချရမှုကို ခံစားရစေခြင်း

ဒီအချက်ကတော့ စောစောက ဖော်ပြခဲ့တဲ့ အချက်တွေအကုန်လုံးကို စုစည်းထားတဲ့ အချက်ဖြစ်ပါတယ်။ အိမ်မှုကိစ္စနဲ့ ပတ်သက်လာရင်လည်း ယုံကြည်အားကိုးထိုက်တယ်၊ အရေးရယ် အကြောင်းရယ်ဆိုလည်း ပြဿနာကို ကိုင်တွယ်ဖြေရှင်းနိုင်ကြတယ်။ ဒီလိုအရည်အချင်းတွေ ရှိကြလို့လည်း မိန်းကလေးတွေက ကိုကိုတွေနဲ့ဆို လုံခြုံစိတ်ချမှု ရှိကြတယ်လို့ ခံစားရခြင်းပဲဖြစ်ပါတယ်။

ကဲ… သင်ရော Team ကိုကိုလား။ Team မောင်လေးလားဆိုတာ ပြောပြခဲ့ပါဦးနော်။

Source: Brightside.me

By MyStyle Myanmar