ဟယ်လို MyStyle Myanmar က စာဖတ်ချစ်ပရိတ်သတ်တို့ရေ… ဒီတစ်ခါမှာတော့ မိန်းကလေးတွေပဲဖြစ်ဖြစ် ယောကျာ်းလေးတွေပဲဖြစ်ဖြစ် အများစုပြုလုပ်လေ့ရှိတဲ့ အမှားအယွင်းလေးနဲ့ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်ကနေ ရှင်းလင်းဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အပြင်သွားတဲ့အချိန်တွေဆိုရင်တော့ ကျော့ကော့နေအောင် ရှိုးအပြည့်နဲ့ပြင်ဆင်ပြီးမှ အပြင်သွားလေ့ရှိကြပေမယ့် ကိုယ့်အိမ်မှာနေတဲ့အချိန်ဆိုရင်တော့ ပေါ့ပေါ့ပါးပါး အိမ်နေရင်းအဝတ်အစားနဲ့ပဲ နေလေ့ရှိကြတယ်မလား။

တစ်ခါတစ်လေ ပျင်းလို့ဖြစ်ဖြစ် ရာသီဥတုအေးလို့ဖြစ်ဖြစ် ရေမချိုးလေ့ရှိကြပြီး ဒီနေ့ဝတ်တဲ့အဝတ်အစားကိုပဲ နောက်နေ့ဆက်ဝတ်တာမျိုးတွေရှိကြပါတယ်နော်။ တချို့ကကျတော့လည်း “ငါကချွေးနံ့မထွက်တတ်ပါဘူး နောက်တစ်ခေါက်ထပ်ဝတ်လည်း ဘာမှမဖြစ်ပါဘူး” လို့ တွေးနေတာတွေက အတွေးမှားတွေပါ။ အနံ့မထွက်ပေမယ့်လည်း ချွေးကနေ အကျီမှာကပ်သွားပြီး ဘက်တီးရီးယားက စွဲကျန်ခဲ့မှာဖြစ်လို့ တစ်ခါဝတ်ပြီး နောက်တစ်ခေါက်ထပ်ဝတ်ဖို့ မသင့်တော်တော့ပါဘူး။

ခန္ဓာကိုယ်မှာ ဝက်ခြံတွေထွက်လာမယ်

နေ့တိုင်း အဝတ်လျှော်ရတာက ပင်ပန်းတယ်ဆိုပေမယ့်လည်း ကိုယ့်ရဲ့နောက်ကျော၊ ရင်ဘတ်တွေမှာ ဝက်ခြံတွေပေါက်လာမှာနဲ့စာရင်တော့ အဝတ်အစားနေ့တိုင်းလဲဝတ်ရတာက အသေးအမွှားလေးပါ။ ညစ်ပတ်တဲ့အဝတ်အစားတွေမှာ ချွေးတွေ၊ ဘက်တီးရီးယားတွေ စုဝေးနေပြီးတော့ ခန္ဓာကိုယ်က အမွှေးအမျှင်ပေါက်ရာနေရာတိုင်းကို ကူးစက်သွားနိုင်ပြီး ချွေးပေါက်တွေပိတ်သွားစေပါတယ်။ ချွေးတွေနဲ့ အရေပြားဆဲလ်သေတွေ ပေါင်းစပ်သွားခြင်းက အသားအရေယားယံခြင်းနဲ့ နောက်ကျော၊ ပေါင်၊ တင်ပါးတွေမှာ ဝက်ခြံတွေပေါက်လာနိုင်ပါတယ်။

အနံ့အသက်ဆိုးခြင်း

အဝတ်လျှော်ဖို့ကို တတ်နိုင်သမျှ အချိန်ဆွဲချင်တာကို နားလည်ပေမယ့်လည်း အချိန်ကြာသွားရင် ချိုင်းချွေးနံ့တွေက တအားစွဲသွားပါလိမ့်မယ်။ ပိုးမွှားတွေ၊ ဘက်တီးရီးယားတွေက ချွေးကိုသဘောကျကြပြီး သူတို့တွေပေါင်းစပ်သွားရာမှတဆင့် မခံမရပ်နိုင်တဲ့ ကိုယ်ခန္ဓာအနံ့ဆိုးတွေ ထွက်လာနိုင်ပါတယ်။

သူများတွေဆီကနေ ပိုးမွှားတွေ ကူးစက်လွယ်နိုင်ခြင်း

ကိုယ့်ခန္ဓာကိုယ်ကနေပြီး အဆီတွေ၊ ဘက်တီးရီးယားတွေ တစ်နေကုန်ထွက်တာက ကိစ္စတစ်မျိုးဖြစ်ပြီး သူများတွေခန္ဓာကိုယ်က ဘက်တီးရီးယားတွေကိုယ့်ဆီမှာကပ်လာတာက ပိုပြီးကိစ္စကြီးပါတယ်။ တခြားသူတွေကနေပြီး ပိုးမွှားတွေကို အကျီအဝတ်အစားတွေကတဆင့် ကူးလွယ်နိုင်ပြီး သိပ်တော့အန္တရာယ်မများပေမယ့် ကိုယ့်ဆီမှာ အရေပြားဆိုင်ရာပြဿနာတစ်ခုခုရှိနေတယ်ဆိုရင်တော့ ကူးစက်ရောဂါဖြစ်လာနိုင်ပါတယ်။

အနီကွက်တွေဖြစ်လာမယ်

ကိုယ့်အသားအရေမှာ အနီကွက်တွေဖြစ်လာတာကို သတိထားမိပြီဆိုတာနဲ့ အဝတ်အစားတွေ မကြာခဏလဲဝတ်ဖို့ကို ပျင်းလို့မဖြစ်တော့ပါဘူး။ အဝတ်အစားတွေက အသားအရေနဲ့ တိုက်ရိုက်ထိတွေ့နေတာဖြစ်လို့ အကယ်၍များ ညစ်ပေနေတဲ့အဝတ်အစားတွေနဲ့ အသားမှာပွတ်မိမယ်ဆိုရင် အထဲမှာစုနေတဲ့ အဆီတွေနဲ့ ဘက်တီးရီးတွေက အသားအရေယားယံခြင်းကို ဖြစ်စေနိုင်ပါတယ်။

Source: BrightSide

By MyStyle Myanmar