အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ စာဖတ်သူတို့အတွက် ခွန်အားရစရာ စာလေးတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

သင့်ကို နာကျင်အောင်လုပ်တဲ့သူ၊ ထိုးနှက်ခဲ့သူတွေကို ကျေးဇူးတင်သင့်ပါတယ်။ သူတို့ကို ခွင့်မလွတ်နိုင်ဖြစ်ပြီး မုန်းနေမယ့်အစား ဒီအချက်လေးတွေကြောင့် ကျေးဇူးတင်လိုက်ပါ။

၁။ သင့်ကိုပိုပြီးရင့်ကျက်စေတဲ့အတွက်ကျေးဇူးတင်လိုက်ပါ

အခက်အခဲတစ်ခုကို ကြုံတွေ့ပြီး ဖြေရှင်းလိုက်ရတိုင်း အသိပညာဗဟုသုတတစ်ခု တိုးလာသလို၊ ကိုယ့်ကို ထိုးနှက်ခဲ့သူတွေကြောင့် သင်ဟာ ပိုပြီးရင့်ကျက်လာမှာဖြစ်ပါတယ်။

အရင်ကလို ကလေးမဆန်တော့ဘဲရင့်ကျက်စေခဲ့တဲ့အတွက် သူတို့ကို ကျေးဇူးတင်လိုက်ပါ။

၂။ လူအကြောင်းကိုနားလည်သွားစေတဲ့အတွက်ကျေးဇူးတင်လိုက်ပါ

သူ့လိုလူတွေ သင့်ဘဝမှာ အများကြီးကြုံတွေ့လာရဦးမှာပါ။ ပတ်ဝန်းကျင်အသစ် ၊ နေရာအသစ်မှာလည်း ဒီလိုပြဿနာတွေ ကြုံလာရဦးမှာဖြစ်ပါတယ်။ အဲဒီလို ပတ်ဝန်းကျင်အကြောင်း၊ လူအကြောင်းကို ပိုပြီးနားလည်သွားစေတဲ့အတွက်ကြောင့်၊ လူတွေကို မျက်လုံးစုံမှိတ်ပြီးမ ယုံကြည်ဖို့အတွက် သင်ခန်းစာပေးခဲ့လို့ သူတို့ကို ကျေးဇူးတင်လိုက်ပါလို့ပြောချင်ပါတယ်နော်။

၃။ သင့်ကိုနာကျင်စေတဲ့သူက သင်အရမ်းချစ်ရတဲ့သူပါပဲ

သင့်ကိုနာကျင်စေနိုင်တဲ့သူ ၊ ထိခိုက်စေနိုင်တဲ့သူဟာ သင်အရမ်းချစ်ရတဲ့သူ၊ သင့်အနားက သူတစ်ဦးဦးပါပဲ။ ဒီအချက်ကြောင့် ရန်သူက ခပ်ဝေးဝေးမှာမရှိဘူး။ သင့်အနားမှာပဲဆိုတာ သင့်ကိုသိလာစေမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အနားမှာရှိပြီး သင့်ကိုချစ်ပါတယ်ဆိုတဲ့သူတွေကို အပြည့်အဝ မယုံကြည်လိုက်ဖို့ သင်ခန်းစာရမယ်လို့ယုံကြည်ပါတယ်။ သင်တန်ဖိုးထားတာနဲ့ သူမထိုက်တန်မှန်း သင်သိလိုက်ရတဲ့အတွက် ကျေးဇူးတင်လိုက်ပါ။

၄။ သင့်ကိုပိုပြီးတိုးတက်စေတဲ့အတွက်ကျေးဇူးတင်လိုက်ပါ

သူက ငါ့ကိုဘာလို့နာကျင်အောင်လုပ်ရတာလဲ၊ ဘာလို့ ငါ့ကိုဂျောက်တွန်းရတာလဲဆိုပြီး ဝမ်းနည်းကြေကွဲနေမယ့်အစား၊အဲဒီအရာကနေ ရုန်းထွက်လိုက်တဲ့အခါ သင့်ကိုပိုပြီး တိုးတက်စေသလို ပိုပြီးကြံ့ခိုင်စေပါတယ်။ အဲဒီလိုပြောင်းလဲသွားတဲ့တစ်နေ့ သင်သူ့ကိုကျေးဇူးတင်လာမှာဖြစ်ပါတယ်။

၅။ သူ့လိုမဖြစ်ပါစေနဲ့

ကိုယ့်ကို အရင်က ထိုးနှက်ခဲ့သူ၊ နာကျင်စေခဲ့သူ ဘယ်လောက်ပဲရှိခဲ့ရှိခဲ့၊ ကိုယ်က သူ့လို၊ သူတို့လိုမဖြစ်ပါစေနဲ့။ အမြဲတမ်း အကောင်းဆုံးဖြစ်အောင်ကြိုးစားပါ။ ကြိုးစားတဲ့သူတိုင်းအတွက် နေရာဆိုတာ ရှိပါတယ်။

By: MyStyle Myanmar