အခုခေတ်လိုမျိုး အတိုအပြတ်ဝတ်တာ ရေပန်းစားလာတဲ့အချိန်မှာ မိန်းကလေးအများစုက အသားအရေပိုင်းဆိုင်ရာကို မျက်နှာနည်းတူ အထူးဂရုစိုက်လာတတ်ကြပါတယ်။ ဒါကြောင့် အတိုအပြတ်ဖက်ရှင်တွေဝတ်တဲ့အခါ အပြစ်အနာအဆာကင်းစင်စေဖို့အတွက် ခန္ဓာကိုယ်က သဘာဝအတိုင်းထွက်နေတဲ့ အမွှေးအမျှင်တွေကို ဖယ်ရှားလာကြတာလည်းမဟုတ်ပါလား။

ဒီလိုမျိုး အမွှေးအမျှင်တွေဖယ်ရှားတဲ့နေရာမှာ ရိတ်တာနဲ့ Waxing လုပ်တာဆိုပြီး နည်းလမ်းနှစ်မျိုးကို အသုံးပြုကြတာများပါတယ်။ အခုတစ်ခါမှာတော့ ရိတ်ခြင်းရဲ့ဆိုးကျိုးတွေနဲ့ ဘာကြောင့် Waxing ကို ပိုလုပ်သင့်သလဲဆိုတဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ယားတာသက်သာစေခြင်း

ဘယ်လောက်ပဲ Shaving ခရင်မ်သုံးသုံး ဘရိတ်ဓားအသုံးပြုပြီးနောက် အသားအရေက ယားစိစိဖြစ်တဲ့ဒုက္ခကို မကြာခဏဆိုသလို ခံစားရနိုင်ပါတယ်။ ကိုယ့်ရဲ့အသားအရေလေး ချောမွတ်နေတာကို လိုချင်တယ်ဆိုရင်တော့ နေ့တိုင်းနီးပါး ရိတ်ပေးရမှာဖြစ်ပြီး မဟုတ်ပါက Razor Burn ပြဿနာကို ကြုံတွေ့လာရပါလိမ့်မယ်။ ဘာအဖုအပိမ့်မှမရှိတဲ့ အသားအရေချောချောလေးကို လိုချင်တယ်ဆိုရင်တော့ Waxing စမ်းလုပ်ကြည့်လိုက်ပါ။

အမွှေးအမျှင် ပြန်ပေါက်လာချိန် ကြာမြင့်ခြင်း

ဘရိတ်ဓားက အသားအရေမျက်နှာပြင်မှာသာရှိတဲ့ အမွှေးအမျှင်တွေကိုသာ ရိတ်ဖြတ်လိုက်ပြီး Waxing ကတော့ အမြစ်ကအထိ ဖယ်ရှားပေးပါတယ်။ ဒါကြောင့် Waxing လုပ်ခြင်းထက် ရိတ်တာက အမွှေးပြန်ပေါက်တာ ပိုမြန်ပါတယ်။ Waxing လုပ်မယ်ဆိုရင်တော့ ချောမွတ်တဲ့အသားအရေလေးကို ရက်သတ္တပတ်အနည်းငယ်လောက် ပိုင်ဆိုင်ထားနိုင်မှာပါ။

အသားအရေပိုခြောက်လာနိုင်ခြင်း

ဘရိတ်ဓားနဲ့အမွှေးရိတ်တဲ့အခါ ချောချောမွတ်မွတ် ရိတ်လို့ရအောင်နဲ့ ရှတာတွေမဖြစ်စေဖို့ Shaving ခရင်မ်ကိုသုံးဖို့အကြံပေးကြပေမယ့်လည်း ဒီခရင်မ်တွေဟာ အသားအရေကထွက်လာတဲ့ သဘာဝအဆီတွေကိုပါ ဖယ်ရှားပစ်လိုက်တဲ့အတွက် အသားအရေကို ပိုပြီးခြောက်သွေ့စေနိုင်ပါတယ်။ ဒါကြောင့် Waxing ကို ပြောင်းလဲသုံးကြည့်ဖို့ ပြောလာကြတာလည်းဖြစ်ပါတယ်။

ထိခိုက်ရှနာတွေဖြစ်မှာ မပူရတော့ပါဘူး

တစ်ခါတစ်လေ လက်မငြိမ်လိုက်လို့ ဓားကိုင်တဲ့အနေအထားမှားသွားလို့ အသားအရေမှာရှတာတွေဖြစ်တတ်ပါတယ်။ သွေးအများကြီးထွက်ရလောက်တဲ့အထိတော့ နက်နက်နဲနဲ ရှတာမျိုးမဟုတ်ပေမယ့်လည်း အခန့်မသင့်ရင် ပိုးဝင်သွားနိုင်ပါတယ်။ ဒါဟာလည်း အမွှေးမရိတ်သင့်တဲ့ အကြောင်းပြချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

Waxing က ချေးချွတ်ပေးတဲ့အပြင် အသားအရေကိုလည်း ပိုမိုချောမွတ်စေခြင်း

Waxing လုပ်ခြင်းဖြင့် အမွှေးအမျှင်တွေဖယ်ရှားနိုင်ရုံသာမက ဂျီးတွေကိုလည်းချွတ်ပစ်နိုင်ပါတယ်။ အသားခြောက်ခြင်းကိုဖြစ်စေတဲ့ ဆဲလ်သေတွေကိုဖယ်ရှားနိုင်ပြီး အသားအရေကို ပိုပြီးနူးညံ့ချောမွတ်စေမှာဖြစ်ပါတယ်။ တချို့သော Wax တွေမှာ ရှားစောင်းလက်ပတ်လိုမျိုး အစိုဓာတ်ဖြည့်စွမ်းပေးတဲ့ ပါဝင်ပစ္စည်းတွေထည့်သွင်းထားတာကြောင့် သင့်အသားအရေရဲ့အနေအထားကို ပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။

Source: BrightSide

By MyStyle Myanmar