ချစ်သူနှစ်ဦးကြား ပျော်ရွှင်မှုတွေပျောက်ဆုံးနေပြီလို့ ခံစားနေရပြီလား။ စုံတွဲတိုင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်အခြေအနေတွေ ရှိကြတာသဘာဝဆိုပေမယ့် ကိုယ်ပိုင်ဆိုင်ထားတဲ့ အချစ်ရေးက စိတ်ညစ်စရာတွေပဲ များနေတယ်ဆိုရင် ပြန်လည်သုံးသပ်ကြည့်ဖို့ လိုအပ်ပါတယ်။

တစ်ချို့သော အရာတွေကချစ်သူနှစ်ဦးကြားက ပျော်ရွှင်မှုတွေကို ဖျက်ဆီးပစ်တက်တာကြောင့် ပျော်ရွှင်ရတဲ့အချိန်တွေနည်းသွားတာမျိုးဖြစ်တက်ပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ ယေဘုယျအားဖြင့် ချစ်သူနှစ်ဦးကြား ပျော်ရွှင်မှုပျောက်ဆုံးစေတဲ့ အကြောင်းအရင်းတွေကို မျှဝေပေးချင်ပါတယ်။

(၁) စိုးရိမ်စိတ်များခြင်း

လူတိုင်းလူတိုင်းမှာ စိုးရိမ်ပူပန်စိတ်ဆိုတာရှိကြပါတယ်။ စိုးရိမ်စိတ်တွေက အတိုင်းအတာတစ်ခုအထိပဲ ရှိသင့်ပြီး လိုတာထက်ပိုလွန်ကဲနေရင်တော့ ကိုယ့်အတွေးတွေနဲ့ပိတ်လှောင်ပြီး ပျော်ရွှင်မှုဆိုတာလည်း ပျောက်ဆုံးသွားမှာဖြစ်ပါတယ်။

စိုးရိမ်စိတ်ရဲ့နောက်ကွယ်မှာ သံသရဆိုတာလည်း ပါလာတတ်တာကြောင့် တစ်ယောက်နဲ့တစ်ယောက်ကြား ထင်ယောင်ထင်မှားခြင်းတွေနဲ့ စိတ်ညစ်ရတဲ့အချိန်တွေကပဲ ကြီးစိုးထားမှာဖြစ်ပါတယ်။ ဒါကြောင့် စိုးရိမ်စိတ်လွန်ကဲနေမိလား ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ပါ။

(၂) တစ်ကိုယ်ကောင်းဆန်ခြင်း

ချစ်သူနှစ်ဦးဖြစ်လာပြီဆိုရင် တစ်ကိုယ်ကောင်းဆန်ခြင်းတွေကို ဘေးချထားသင့်ပါပြီ။ ဘာပဲဖြစ်ဖြစ် သူရောကိုယ်ရော ချစ်လို့လက်တွဲလာခဲ့ပြီဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် ညှိနှိုင်းတတ်ဖို့ကလည်း အရမ်းကိုလိုပါတယ်။

ဒီလိုမှမဟုတ်ပဲ ကိုယ်တစ်ယောက်တည်း တစ်ကိုယ်ကောင်းဆန်နေရင် ပျော်ရွှင်စရာအချစ်ရေး ဖြစ်လာမှာမဟုတ်ပါဘူး။

(၃) အလျော့ပေးရတာများခြင်း

ချစ်တဲ့သူက အလျော့ပေးကြတယ်ဆိုတာ အားလုံးလက်ခံထားတဲ့ အခြေအနေတစ်ခုပါ။ သို့သော်လည်း လူတစ်ယောက်က အမြဲလိုလိုအလျော့ပေးနေရမယ် တစ်ဖက်ထဲကိုပဲ အလေးသာနေမယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဒီအချစ်ရေးကို လက်လျော့ချလာမိမှာ သေချာပါတယ်။

ကိုယ့်ချစ်သူကို နိုင်လို့ရတယ် သူကအလျော့ပေးတာပဲ ဆိုရင်တောင် ကိုယ့်အနေနဲ့ အကန့်အသတ်လေးတစ်ခုတော့ထားပါ။ ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ အလျော့ပေးတိုင်း လုပ်ချင်တာလုပ်မယ်ဆိုရင် ပျော်စရာကောင်းတဲ့အချစ်ရေး ဖြစ်လာနိုင်မှာမဟုတ်သလို အချိန်မရွေးလည်း ပြတ်တောက်သွားနိုင်ပါတယ်။

(၄) အဆိုးမြင်စိတ်များခြင်း

အချစ်ရေးမှာ အဆိုးမြင်စိတ်တွေများနေခြင်းက ပျော်ရွှင်မှုကို ဖျက်ဆီးနေခြင်းတစ်မျိုးပါပဲ။ ကိုယ့်ချစ်သူအပေါ်ကို Negative အမြင်တွေနဲ့ပဲ ကြည့်နေမယ်ဆိုရင် သူရောကိုယ်ရော ပျော်နိုင်ပါဦးမလား။ တကယ်တော့ အဆိုးမြင်စိတ်က အချစ်ရေးမှာတင်မဟုတ်ပါဘူး။

ကိုယ့်ရဲ့ဘဝမှာပါ ပျော်စရာအချိန်တွေ ကောင်းမွန်တဲ့အခွင့်အလမ်းတွေ မိတ်ဆွေကောင်းတွေ အားလုံးကိုဆုံးရှုံးရစေနိုင်ပါတယ်။ ဒါကြောင့် ပျော်ရွှင်တဲ့အချစ်ရေးရချင်ရင် ကိုယ်ချစ်သူအပေါ် မကောင်းမြင်စိတ်လေးတွေ နည်းနည်းလျော့လိုက်ပါ။