တချို့ ကျောင်းသားတွေအတွက် သင်တန်း၊ ကျောင်းမှာ နံပါတ်တစ်ရဖို့ လွယ်ကူနေတတ်ပါတယ်။ တချို့တွေဆိုရင် ငါ စာမရဘူး ပြောပြီး အမှတ်ထွက်လာရင် သူတို့ အများဆုံး ဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ငါ စာမရဘူးဆိုတာ ဟန်ဆောင်နေတာ ဖြစ်နိုင်သလို သူတို့ကိုယ် သူတို့ နှိမ့်ချနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်အရာမှ အလွယ်တကူ မရနိုင်တာကြောင့် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ စာတော်တဲ့သူတွေ လုပ်လေ့ရှိတဲ့ အရာတွေ ရှိပါတယ်။ ဒါတွေကတော့-

၁။ ဖြတ်လမ်းနည်း မရှိဘူး

ပထမဆုံး သိထားသင့်တာက စာမေးပွဲမှာ အမှတ်ကောင်းဖို့ ရိုးရိုးသားသား ကြိုးစားနေသူတွေအနေနဲ့ ဖြတ်လမ်းနည်း ဆိုတာ မရှိပါဘူး။ ကိုယ်တိုင် ကြိုးစားမှ ဖြစ်မှာပါ။ Secret Formula ဆိုတာမျိုး မရှိတာကြောင့် ဒါကို အရင်သိထားသင့်ပါတယ်။

၂။ အချိန်မဆွဲပါနဲ့

စာတော်တဲ့ သူတွေက လုပ်စရာရှိတာကို ဘယ်နေ့ လုပ်မယ်ဆိုပြီး အချိန်မဆွဲတတ်ကြပါဘူး။ စာတော်သူတွေက ကိုယ်ကျက်ရမယ့် စာတွေကို အရေးကြီးတာ ကြီးတဲ့အလိုက် အချိန်ဇယားဆွဲကာ လုပ်လေ့ရှိပါတယ်။

၃။ အတန်းပုံမှန်တက်ပါ

ဒီ အကြံပေးချက်ကတော့ မပြောလည်း သိသာထင်ရှားတဲ့ အရာပါ။ ဒါပေမဲ့ ကျောင်းသားအများစုက အတန်းတက်တာထက် အိပ်ရာပေါ်မှာ နေဖို့ပဲ အားသန်ကြပါတယ်။ ဒါ့အပြင် အတန်း ဆရာဆရာမတွေ အဓိက ပြောချင်တဲ့ လေ့ကျင့်ခန်းတွေကို အတန်းတက်မှ သိနိုင်မှာပါ။

၄။ Note မှတ်တဲ့အခါ

အတန်းတက်တဲ့အခါ သေချာ နားထောင်ဖို့ကလည်း အရေးပါသလို Note မှတ်တတ်ဖို့ကလည်း အရေးပါပါတယ်။ Note မှတ်တဲ့အခါ ပြောသမျှကို လိုက်မှတ်ဖို့ မလိုသလို ကိုယ့်အတွက် အရေးကြီးတယ် ထင်ရတာကိုပဲ မှတ်သင့်ပါတယ်။ နားမလည်ရင် ကိုယ်သင်တဲ့ ဆရာဆရာမကို တိုက်ရိုက်မေးသင့်ပါတယ်။

၅။ ပုံမှန်စားပြီး ပုံမှန်အိပ်ပါ

စာတော်တဲ့ ကျောင်းသားတွေက အိပ်ချိန်ကို ဂရုစိုက်သလို စားတာကိုလည်း ဂရုစိုက်လေ့ရှိကြပါတယ်။ ကိုယ့်အတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သင့်တော်တဲ့ အစားအသောက်ကို ပုံမှန်စားပြီး အိပ်ချိန်ကို ဂရုစိုက်ပေးမှ စာလေ့လာရတာ ပိုကောင်းမှာပါ။

၆။ အနားယူပါ

သင်က Assignment တစ်ခု လုပ်ပြီးနောက် အနားယူဖို့လည်း မမေ့သင့်ပါဘူး။ မပင်ပန်းရင်တောင် ၅ မိနစ်လောက်တော့ အနားယူသင့်ပါတယ်။ မဟုတ်ရင် သင် Burn Out ဖြစ်လာပါလိမ့်မယ်။ ၁၅ မိနစ် မိနစ် ၂၀ ဝန်းကျင် ပြီးတာနဲ့ တစ်ခေါက်နားတာမျိုး လုပ်ပေးသင့်ပါတယ်။

ဒါကြောင့် စာရလာဖို့ ဖြတ်လမ်းနည်း မရှိပါဘူး။ ကိုယ်နဲ့ သင်တော်တဲ့ စာသင်နည်း ဗျူဟာတွေကို အမြဲရှာဖွေနေသင့်ပြီး အမြဲ ကြိုးစားနေမှ ပိုတော်လာမှာပါ။

Photo Source: Pinterest

By MyStyle Myanmar