လောကကြီးမှာ ရေစက်ရှိလို့တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ခဲ့ကြတယ်၊ ခွဲခွာကြရတယ်ဆိုတာက သဘာဝထဲကတစ်ခုပါ။  ကိုယ့်ဘဝထဲကို လူတွေက ဝင်လာတယ် ထွက်သွားတယ်ဆိုတာ မဆန်းတော့တဲ့အဖြစ်အပျက်တွေဆိုလည်း မမှားပါဘူးနော်။ ကိုယ့်ဘဝထဲကို ခဏတာဝင်လာတဲ့ ဧည့်သည်တွေချည်းပါ။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုကနေစတင်ပြီး တဖြည်းဖြည်းနဲ့ သံယောဇဥ်တွေပိုလာပြီး ချစ်သူရည်းစားတွေ ဖြစ်သွားကြတယ်။ သူနဲ့အတူရှိနေတဲ့အချိန်တွေဆို ပျော်ရွှင်မှုတွေရှိခဲ့တယ်၊ ဝမ်းနည်းမှုတွေရှိခဲ့တယ်ဆိုတာက စုံတွဲတိုင်းရဲ့ ရိုးရာပါ။

တစ်ယောက်အကြောင်းကို တစ်ယောက်က နားမလည်ပေးနိုင်တော့လို့ လမ်းခွဲလိုက်ကြပြီးဆိုရင် တမ်းတတဲ့စိတ်တွေကြောင့် သူပြန်လာရင်ပြန်တွဲသင့်လား ပြန်မတွဲသင့်ဘူးလားဆိုတဲ့ မေးခွန်းတွေနဲ့ ခေါင်းထဲမှာများနေတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ ဒီအချက်တွေနဲ့ ဆုံးဖြတ်ဖို့တော့ လိုအပ်ပါတယ်။

ကိုယ်သဘောမကျတဲ့ သူရဲ့ အကျင့်တွေလက်ခံနိုင်ပြီလား 


လောကမှာ လူတွေကအမျိုးမျိုးရှိတဲ့အတွက် ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်အခြေအနေခြင်းလည်း မတူညီကြပါဘူး။ လမ်းခွဲလိုက်ပြီဆိုကတည်းက တစ်ယောက်အကျင့်စရိုက်ကို တစ်ယောက်ကသည်းမခံနိုင်တော့တာမျိုး၊ သူ့အကျင့်ဆိုးတွေကို ဆက်ပြီးလက်မခံနိုင်တော့တာမျိုး စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရင် သူမရှိရင်မနေနိုင်တော့ဘူးဆိုတဲ့ အတွေးတွေက အသဲကွဲနေတုန်းအချိန်မှာတော့ ဝင်တတ်ကြစမြဲပါ။ ပြန်တွဲလိုက်မယ်လို့ စဥ်းစားလိုက်ရင်လည်း သူ့အကျင့်ဆိုးတွေကို လက်မခံနိုင်သေးရင်တော့ ထပ်ပြီးမနာကျင်ရဖို့ ရှေ့မဆက်တာအကောင်းဆုံးဖြစ်မယ်ထင်ပါတယ်။

ဒဏ်ရာဟောင်းတွေကို မေ့နိုင်ပြီလား 


ကိုယ့်ကိုရက်ရက်စက်စက်နဲ့ သစ္စာမရှိပဲ ထွက်သွားလိုက် ပြန်သွားလိုက်သူမျိုးဆိုရင်တော့ ဝေးဝေးကရှောင်သင့်ပါတယ်။ အနာဟောင်းဆိုတာမျိုးက တမြေ့မြေ့နဲ့ လှောင်တတ်တဲ့အမျိုးပါ။ ကိုယ်က သူမရှိရင်မနေနိုင်လို့ သူနဲ့ပတ်သက်တဲ့အမှတ်တရတွေကို မမေ့နိုင်လို့ပြန်တွဲတယ်ဆိုပါတော့ တစ်ခါခြံခုန်ဖူးတဲ့သူကတော့ ကိုယ့်နဲ့အဆင်ပြေနေရင် နောက်တစ်ခါခုန်ဖို့လည်း ဝန်မလေးတတ်ကြတော့ပါဘူး။ အဲ့တော့ အကြိမ်ကြိမ်နာကျင်မလား တစ်ကြိမ်ပဲနာကျင်မလားဆိုတာ တွေးသင့်ပါတယ်နော်။

အမှတ်တရကောင်းလေးတွေ ရှိနေသေးလား 


တစ်ချို့အရာတွေက ကွဲသွားရင် ပြန်ဆက်ဖို့မကောင်းတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ရည်းစားဟောင်းတိုင်း ပြန်မတွဲသင့်ဘူးလို့ဆိုလိုတာ မဟုတ်ပဘူး။ သူရောကိုယ်ရောက နှစ်ဖက်စလုံးကချစ်တယ် အကြောင်းအရာအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ရတယ်ဆိုရင်တောင် တစ်ချိန်ကလို့သူနဲ့ ပြန်တွေ့ရင် ကိုယ့်ဆီမှာ သူနဲ့ပတ်သက်ပြီး အမှတ်တရကောင်းလေတွေကျန်နေသေးတယ်၊ အရမ်းလည်းချစ်နေသေးတယ်ဆိုရင်တော့ ပြန်တွဲဖို့ကိုတော့ စဥ်းစားသင့်ရင် စဥ်းစားရပါမယ်။

Photo Source – Free.pik