မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ လူအများစုက မိုဘိုင်းဖုန်းတွေကို စွဲစွဲလမ်းလမ်း အသုံးပြုနေကြပါတယ်။ တစ်ချို့တွေဟာ ဖုန်းတွေကို အိမ်သာထဲအထိ ယူပြီးအသုံးပြုလေ့ရှိကြပါတယ်။

ဒါက အပြင်ပန်းကြည့်ရင် ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ဆိုးကျိုးတွေရှိနေပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ အိမ်သာထဲမှာ ဖုန်းအသုံးပြုခြင်းကို ရပ်လိုက်သင့်တဲ့ အကြောင်းအရာလေးတွေကို ဝေမျှပေးသွားမှာပါ။

ဘတ်တီးရီးယားတွေ ပျံနှံ့စေတယ်

လေ့လာမှုတစ်ခုအရ အိမ်သာခွက်ထက် ဖုန်းတွေက ပိုပြီးညစ်ပတ်နေတယ်လို့ ဆိုထားပါတယ်။ ဒါက အလွန်ကို ရွံ့စရာကောင်းပါတယ်။ ကလေးတွေ ကိုင်တွယ်နေတဲ့ မိုဘိုင်းဖုန်းတွေမှာ E. coli လို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုးကို လေ့လာသူတွေကတွေ့ရှိခဲ့ကြပါတယ်။

ဒီဘက်တီးရီးယားတွေက အိမ်သာရေချိုးခန်းထဲကနေ ကပ်ပါလာတာဖြစ်ပြီး အစာအဆိပ်သင့်တာနဲ့ အူမကြီးပြဿနာတွေ ဖြစ်နိုင်ပါတယ်။

လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်မားစေတယ်

အိမ်သာထဲဖုန်းယူသွားရင် ပုံမှန်ကြာသင့်တဲ့အချိန်ထက် ပိုပြီးကြာကြာနေတတ်ကြပါတယ်။ ဒါက ဘိုထိုင်အိမ်သာလို အကာအကွယ်မပါတဲ့ အိမ်သာအသုံးပြုနေရတဲ့လူတွေမှာ လိပ်ခေါင်းဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

တွေးခေါ်နိုင်စွမ်းကို ကျဆင်းစေတယ်

မိုဘိုင်းဖုန်းတွေက လူတွေရဲ့ တွေးခေါ်နိုင်စွမ်းနဲ့ အာရုံစူးစိုက်နိုင်စွမ်းတွေကို အနှောင့်အယှက်ဖြစ်စေပါတယ်။ တစ်ခါတစ်လေ ပြဿနာတွေ ဖြေရှင်းအဖြေရှာဖို့ လိုလာတဲ့အချိန်မှာ အေးအေးဆေးဆေးထိုင်ပြီး အချိန်ယူစဉ်းစားဖို့ လိုအပ်ပါတယ်။

ဒါ့ကြောင့် အိမ်သာထဲ ဖုန်းယူသွားမယ့်အစား ခေါင်းအေးအေးနဲ့ ပြဿနာတွေဖြေရှင်းဖို့ကို အာရုံစိုက်သင့်ပါတယ်။

ဖုန်းကိုပဲ အားကိုးချင်စိတ် ပြင်းပြလာတယ်

စမတ်ဖုန်းတွေက ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးထားတဲ့ နည်းပညာတစ်ခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် အလွန်အကျွံအသုံးပြုပါက စွဲလမ်းစေတာကို သတိပြုမိဖို့ လိုအပ်ပါတယ်။

လူ (၁၀၀၀) ယောက်မှာ တစ်ယောက်လောက်က ဖုန်းဆုံးရှုံးရမှာထက် လက်ချောင်းတစ်ချောင်း ဆုံးရှုံးရမှာကို ပိုလိုလားကြတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြထားပါတယ်။

ဒါက ကောင်းတဲ့ ရလဒ်တစ်ခုမဟုတ်တာတော့ အမှန်ပါပဲ။ လူတွေက ပတ်ဝန်းကျင်က တန်ဖိုးရှိတဲ့ အရာတွေကို မေ့ထားပြီး ဖုန်းပေါ်က အတုအယောင်တွေကိုပဲ အာရုံစိုက်လာကြတာဟာ ဝမ်းနည်းစရာကောင်းပါတယ်။

ဒီဆောင်းပါးလေးက ဖုန်းကိုမသုံးပါနဲ့လို့ ပြောနေခြင်းမဟုတ်ပါ။ စမတ်ဖုန်းတွေက အသုံးပြုတက်မယ်ဆိုရင် ကိုယ့်ဘဝအတွက် အလွန်အကျိုးရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။

Source: Bright Side