သင့်မှာ လက်ရှိ Toxic Relationship တစ်ခု ပိုင်ဆိုင်ထားပြီးလား။ ဒါဆိုရင် အမြန်ဆုံး ဒီ Relationship ထဲက ရုန်းထွက်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အဆိပ်အတောက်ဖြစ်စေတဲ့ Relationship ကနေ သင့်အတွက် အဆိုးတွေပဲ ယူဆောင်လာပေးမှာမလို့ပါ။ ဒီဆောင်းပါးလေးမှာတော့ Toxic Relationship ကနေ ဘာကြောင့်ရုန်းထွက်သင့်လဲ ဆိုတာ ပြောပြပေးချင်ပါတယ်။

(၁) ကြောက်စိတ်က ကြီးစိုးခံထားရမယ်

တစ်ခါတစ်လေမှာ အမှားသေးသေးလေးတွေ လုပ်မိတာမျိုး ရှိတတ်ပါတယ်။ ဥပမာ ချိန်းထားတဲ့နေ့ နောက်ကျတာမျိုး ၊ ဖုန်းမကိုင်မိတာမျိုးပေါ့။ ဒီလိုအခြေအနေမျိုးလေးတွေမှာ ပြဿနာအကြီးကျယ်ဖြစ်ရပြီး စိတ်ဆင်းရဲရတာမျိုးတွေ ရှိလာနိုင်ပါတယ်။ တော်ရုံအမှားမခံနိုင်တဲ့ ပြဿနာက ကြောက်စိတ်ကိုဖြစ်စေပြီး အချိန်တိုင်းကြောက်စိတ်နဲ့ ရှေ့ဆက်နေရမှာပါ။

(၂) ပျော်ရွှင်မှု ပျောက်ဆုံးလာမယ်

ဘယ်သူမှ ကိုယ့်ရဲ့တစ်နေ့တာ စိတ်ညစ်စရာတွေ ပူလောင်စရာတွေနဲ့ပဲ ဖြတ်သန်းချင်ကြမှာမဟုတ်ပါဘူး။ တစ်နေ့တာဖြတ်သန်းရတဲ့ အချိန်မှာ ကြည်နူးမှုတွေ အပြုံးတွေနဲ့ပဲ ပျော်ရွှင်စွာဖြတ်သန်းချင်ကြမှာပါ။ အဆင်မပြေတဲ့ အချစ်ရေးတစ်ခု ပိုင်ဆိုင်ထားရပြီဆိုရင်တော့ နေ့ရက်တိုင်းက စိတ်ညစ်နေရဖို့ ရာခိုင်နှုန်း ပိုများနေပါလိမ့်မယ်။

(၃) စိတ်ရောလူပါ ထိခိုက်လာမယ်

အဆိပ်လိုအချစ်ရေးရဲ့ ဘေးထွက်ဆိုးကျိုးကနေတဆင့် စိတ်ဖိစီးမှုတွေ ညဘက်အိပ်မရခြင်းတွေ အတွေးတွေနဲ့ ကိုယ့်ကိုယ်ကို မကျန်းမာခြင်းတွေစီ ဆွဲခေါ်နေသလိုဖြစ်နေပါလိမ့်မယ်။ တနေ့တခြား စိတ်ရောလူပါ ပင်ပန်းမှုတွေဖြစ်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်လာနိုင်ပါတယ်။

(၄) အနာဂတ်ပျောက်လာမယ်

အချစ်က ဘဝအတွက် တစ်ထောင့်တစ်နေရာက အရေးပါတယ်ဆိုပေမယ့် အချစ်တစ်ခုတည်းနဲ့ ဘဝတစ်ခု တည်ဆောက်လို့မရပါဘူး။ အနာဂတ်မှာ ပိုကောင်းတဲ့ဘဝရဖို့ အများကြီးကြိုးစားကြရဦးမှာပါ။ ဒီလိုငယ်ရွယ်စဉ် ကြိုးစားအားထုတ်မှုတွေအတွက် အသင့်ဖြစ်နေသင့်တဲ့အရွယ်မှာ စိတ်ညစ်စရာအချစ်ရေးထဲမှာပဲ အချိန်ကုန်နေရင် ဘဝတိုးတက်ဖို့ အများကြီး ထိခိုက်လာပါလိမ့်မယ်။